Wednesday, November 20, 2013
Tuesday, September 3, 2013
၃၈ ဖြာ မင်္ဂလာ
တစ်ခါက ရွာတစ်ရွာတွင် အဘွားအိုတစ်ဦး ရှိသည်။ အဘွားအိုသည် သူ၏သား၊ ချွေးမတို့နှင့်အတူ နေထိုင်သည်။ ချွေးမဖြစ်သူသည် အဘွားအိုအား မကြည်ဖြူပေ။ အဘွားအို အစားကြီးသဖြင့် ဆန်အလွန်ကုန်သည်။ ထို့ကြောင့် အဘွားအိုအား အိမ်တွင် ကြာရှည်ဆက်မထားနိုင်တော့”ဟုဆိုကာ ခင်ပွန်းသည်အား အမြဲ ကုန်းချောစကား ဆိုသည်။ ရန်လုပ်သည်။
နောက်ဆုံးတွင် ချွေးမ၏စကား အောင်လေသည်။ မိုက်မဲသောသားသည် ဇနီးသည်၏ စကားအတိုင်း လိုက်နာကာ အဘွားအိုအား တောထဲတွင် ကျားစာအဖြစ် သွားရောက်စွန့်ပစ်ထားရန် ဆုံးဖြတ်လိုက်လေတော့သည်။ နောက်တစ်နေ့သို့ ရောက်သော် သားဖြစ်သူသည် အဘွားအိုအား တောထဲသို့ ခေါ်သွားသည်။ ကြီးမားသော မန်းကျည်းပင်ကြီး တစ်ပင်၏ ခြေရင်းတွင် ကြိုးဖြင့်တုပ်ကာ ထားပစ်ခဲ့လေသည်။
ညအချိန်သို့ရောက်သော် တောထဲရှိ ကျားများသည် လူနံ့ရသဖြင့် သစ်ပင်အနီးသို့ ချဉ်းကပ်လာကြသည်။ ထိုစဉ် သစ်ပင်စောင့် ရုက္ခစိုးနတ်သည် ရုတ်တရက် ပေါ်လာပြီး “အသင် ကျားတို့၊ ခဏနေကြပါဦး၊ ဒီအဘွားအိုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကျွန်ုပ်အရင် စမ်းသပ်ပါရစေဦး။ တကယ်လို့ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ရင် သူ့ကို သင်တို့စားခွင့် မပေးနိုင်ဘူး။ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး မဟုတ်ခဲ့ဘူးဆိုရင်တော့ သင်တို့ကို စားခွင့်ပေးမယ်”ဟု ပြောသည်။
ကျားများလည်း ရုက္ခစိုး၏စကားကို နာခံကြသည်။ ရုက္ခစိုးသည် ကြက်တောင်တစ်ချောင်းကိုယူ၍ အဘွားအို၏ နှာခေါင်းကို ကလိလိုက်သည်။ အဘွားအိုသည် နှာခေါင်း ယားလာသဖြင့် နှာချေကာ “ဟတ်ချိုး၊ ဟတ်ချိုး၊ ဘုရား၊ ဘုရား”ဟု နှုတ်မှ ရေရွတ်လိုက်သည်။
ထိုအသံကိုကြားသည်နှင့် ရုက္ခစိုးသည် ကျားများအား ကဲ-သင်တို့ကြားပြီမဟုတ်လား။ ဒီအဘွားအိုဟာ သူတော်ကောင်း တစ်ယောက်ပဲ။ ဒါကြောင့် သင်တို့အား သူ့ကိုစားခွင့် မပြုနိုင်ဘူး။ သင်တို့ပြန်ကြတော့”ဟု ပြောလိုက်သည်။ ကျားများလည်း အဝေးသို့ ပြန်လည်ထွက်ခွါသွားကြသည်။
အဘွားအိုသည် ရုက္ခစိုးနှင့် ကျားများ အပြန်အလှန် ပြောဆိုကြသည်များကို ကြားလည်းမကြားရ၊ မြင်လည်း မမြင်ရပေ။ ကျားများရောက်လာ၍ ပြန်ထွက်သွားသည်ကို မြင်ရသည်။
အတန်ကြာသော် အဘွားအို အိပ်ပျော်သွားသည်။ အိပ်ရာမှ နိုးလာသောအခါ နံနက် အရုဏ်တက်နေပြီဖြစ်ကြောင်း တွေ့ရသည်။ သူ့ကိုယ်ပေါ်တွင် ချည်ထားသော ကြိုးများမှာလည်း ပြေနေပြီ။ သူ့ခြေရင်းတွင်လည်း ရွှေအိုးတစ်လုံး ချထားသည်ကို တွေ့ရသည်။ အဘွားအိုသည် ရွှေအိုးကို မ,ကာ ရွာသို့ ဝမ်းသာအားရ ပြန်လာခဲ့လေသည်။ သို့သော် အဘွားအိုသည် ရက်စက်သော သားနှင့်ချွေးမတို့ထံသို့ မပြန်တော့ပေ။ ပါလာသော ရွှေများကို ထုခွဲ၍ အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်ကာ စည်းစိမ်အပြည့်ဖြင့် နေထိုင်လေသည်။
ချွေးမသည် အဘွားအို အသက်မသေဘဲ ပြန်ရောက်လာရုံမက ကြွယ်ဝချမ်းသာနေကြောင်းကို ကြားသိရသောအခါ အလွန်ပင် မနာလို ဖြစ်မိသည်။ ထို့ကြောင့် သူ၏ခင်ပွန်းအား အဘွားအို ရွှေအိုးရလာသည့် အကြောင်းရင်းကို သွားရောက်မေးမြန်းရန် စေလွှတ်လိုက်သည်။ ခင်ပွန်းသည်သည် အဘွားအိုထံ သွားရောက်ကာ ရွှေအိုးရခဲ့သည့် အကြောင်းစုံကို မေးမြန်းသည်။ အဘွားအိုသည် သူ့သားက သူ့အား သေကြောင်းကြံခဲ့သည် မှန်သော်လည်း သားအပေါ်ချစ်ခင်သည့် မိခင်မေတ္တာကြောင့် သားအား ရွှေအိုးရခဲ့ပုံကို ပြန်ပြောခဲ့သည်။
ထိုနေ့ နေ့လည်ပိုင်းသို့ရောက်သော် ချွေးမသည် သူ့အား တောတွင်းသို့ ခေါ်သွားကာ မန်ကျည်းပင်တွင် ကြိုးချည်ထားခဲ့ရန် ခင်ပွန်းသည်အား ပူဆာသည်။ ခင်ပွန်းသည်လည်း သူ့စကားအတိုင်း လိုက်နာခဲ့သည်။ ချွေးမဖြစ်သူလည်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။ ညအချိန်ရောက်သော် ကျားများ ရောက်ရှိလာသည်။ သို့သော် ချွေးမဖြစ်သူသည် ကျားများကို လုံးဝ မကြောက်သည့်အပြင် မကြာမီ ရွှေအိုးရတော့မည်ဟု တွေးကာ ဝမ်းမြောက်ဝမ်းသာပင် ဖြစ်နေမိသည်။
ထိုစဉ် ရုက္ခစိုးနတ် ရောက်လာသည်။ သူက ကျားများအား “အသင်ကျားတို့ ခဏနေကြပါဦး၊ ဒီအမျိုးသမီးဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ကျွန်ုပ် စမ်းသပ်ပါရစေဦး”ဟု ပြောသည်။ ထို့နောက် ချွေးမဖြစ်သူ၏ နှာဝကို ကြက်တောင်ဖြင့် ကျပ်လိုက်သည်။ ထိုအခါ ချွေးမသည် လောဘကြီးသူ ဖြစ်သည့်အတွက် “ဟတ်ချိုး ဟတ်ချိုး ဘယ်မလဲ ငါ့ရွှေအိုး, ဘယ်မလဲ ငါ့ရွှေအိုး”ဟု ချေလိုက်သည်။
ရုက္ခစိုးသည် စိတ်ဆိုးသွားသည်။ သူက ကျားများအား “ဒီအမျိုးသမီးဟာ သူတော်ကောင်း မဟုတ်ဘူး။ အလွန်လောဘကြီးတဲ့ သူယုတ်မာဖြစ်တယ်။ ဒါကြောင့် သူ့ကို သင်တို့ စားကြပေတော့”ဟု ပြောကာ ပျောက်ကွယ်သွားလေတော့သည်။
ချွေးမဖြစ်သူကား လူကြီးသူမကို စော်ကားမှု၊ လောဘကြီးမှုတို့ကြောင့် ရွှေအိုးမရဘဲ အသက်ဆုံးရလေတော့သည်။ (မြန်မာပုံပြင်)
ခင်ရီဝင်း
( မင်္ဂလာ အမွှန်း )
ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ။
နတ်နှင့်တကွသော လူတို့သည် ၁၂-တိုင်အောင် ကြံစည်တွေးတောပါသော်လည်း မင်္ဂလာတရား၏ အဓိပ္ပါယ်ကို မသိနိုင်ကြကုန်။ မင်္ဂလာတရားသည် အရေအတွက်အားဖြင့် ၃၈-ပါးရှိ၏။ မင်္ဂလာတရားသည် တိုးတက်ကြီးပွား ချမ်းသာများခြင်း၏ အကြောင်းဖြစ်၏။
ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမဟေ။
နတ်တကာတို့သည် မြတ်သော ၀ိသုဒ္ဓိနတ် ဘုရားမြတ်သည် သတ္တ၀ါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှါ မင်္ဂလာတရားကို ဟောတော်မူခဲ့ပါသည်။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟု ခေါ်ပါသည်။ အို-သူတော်ကောင်းတို့...ထိုမင်္ဂလာတရားတော်ကို ကျွန်ုပ်တို့ ရွတ်ဖတ်ကြပါကုန်စို့။
( မင်္ဂလာနိဒါန်း )
ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ၊ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
အကျွန်ုပ်အာနန္ဒာသည် မင်္ဂလာတရားတော်ကို မြတ်စွာဘုရား၏ ရှေ့မှောက်တော်မှ ဤသို့ ကြားနာမှတ်သားခဲ့ရ ပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူပါသည်။
ထိုအခါ မထင်ရှားသော နတ်သားတယောက်သည် သန်းခေါင်ယံအချိန်၌ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာပါ သည်။ ဇေတ၀န်တကျောင်းလုံး နတ်သား၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပနေပါသည်။ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာသော နတ်သားသည် သင့်လျော်ရာအရပ်၌ မတ်တတ်ရပ်လျက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် ဂါထာဖြင့် ဤသို့ မေးလျှောက်လေသည်။
( မင်္ဂလာ တရားတောင်း )
ဗဟူဝေဒါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မသိနိုင်ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။
( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ
၁။ လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း။
၂။ ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းသင်းခြင်း။
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )
ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၎။(၁)။သင့်လျော်သောအရပ်၌ နေရခြင်း။
၅။ (၂)။ ရှေး၌ပြုဖူး ကောင်းမှုအထူးရှိခြင်း။
၆။ (၃)။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။

ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( သင်ကြားရေး မင်္ဂလာ ၄-ပါး )
ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ (၁)။ လောကီ လောကုတ် အကြားအမြင်များခြင်း။
၈။ (၂)။ စက်မှု လက်မှု အတတ်တို့ကို တတ်ခြင်း။
၉။ (၃)။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်ခြင်း။
၁၀။ (၄)။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( ပြုစုရေး မင်္ဂလာ ၃-ပါး )
မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ (၁)။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း။
၁၂။ (၂)။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
၁၃။ (၃)။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။

မြင်းမိုရ်ရွှေတောင် မိဘများကို၊ ကောင်းစွာဆင်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မြှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး )
ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ (၁)။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၁၅။ (၂)။ သုစရိုက်တရားကို ကျင့်ခြင်း။
၁၆။ (၃)။ ဆွေမျိုးးတို့အား ထောက်ပံ့ကူညီခြင်း။
၁၇။ (၄)။ အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။

သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( ရှောင်ကြဉ်ရေး မင်္ဂလာ ၃-ပါး )
အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၈။ (၁)။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ကြဉ်ခြင်း။
၁၉။ (၂)။ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ် ၂-ပါးဖြင့် ရှောင်ကြဉ်ခြင်း။
၂၀။ (၃)။ မူးယစ်သေစာ မသောက်စားခြင်း။
၂၁။ (၄)။ ကုသိုလ်တရားတို့၌ မမေ့ မလျော့ခြင်း။

မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းလေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( စိတ်ထားရေး မင်္ဂလာ ၅-ပါး )
ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၂။ (၁)။ ရိုသေထိုက်သော သူကို ရိုသေခြင်း။
၂၃။ (၂)။ မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။ (၃)။ ရောင့်ရဲလွယ်ခြင်း။ (လောဘအပို အလိုမလိုက်ခြင်း)
၂၅။ (၄)။ သူတပါးကျေးဇူးကို သိခြင်း။
၂၆။ (၅)။ သင့်လျော်သောအခါ တရားနာခြင်း။
ဤငါးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်စေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( သည်းခံရေး မင်္ဂလာ ၄-ပါး )
ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၇။ (၁)။ သည်းခံခြင်း။
၂၈။ (၂)။ ဆုံးမလွယ်ခြင်း။
၂၉။ (၃)။ ရဟန်းသံဃာတို့အား ဖူးမြော်ခြင်း။
၃၀။ (၄)။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း။

ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( ခြိုးခြံရေး မင်္ဂလာ ၄-ပါး )
တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာနဒဿနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၃၁။ (၁)။ ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ (၂)။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
၃၃။ (၃)။ သစ္စာလေးပါးကို သိခြင်း။
၃၄။ (၄)။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။

လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
( စိတ်ထားရေး မင်္ဂလာ ၄-ပါး )
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၃၅။ (၁)။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်ဓာတ်မတုန်လှုပ်ခြင်း။
၃၆။ (၂)။ မစိုးရိမ်ခြင်း။
၃၇။ (၃)။ ကိလေသာမြူ ကင်းခြင်း။
၃၈။ (၄)။ ဘေးကင်းခြင်း။

ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
မှတ်ချက်။
၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ။
( မင်္ဂလာအကျိုးပြ နိဂုံး )
ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
ဤ သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို လိုက်နာပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုငမခံရ၊ အရပ်ဒေသ အားလုံးတို့၌ ကြီးပွား ချမ်းသာခြင်းသို့ ရောက်နိုင်၏။
၃၈-ဖြာ မင်္ဂလာတရားသည် နတ်လူတို့အတွက် အမြတ်ဆုံးသော မင်္ဂလာမည်၏။
(လင်္ကာ)
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။

ရုက္ခစိုးနှင့်
အဘွားအို
တစ်ခါက ရွာတစ်ရွာတွင် အဘွားအိုတစ်ဦး ရှိသည်။ အဘွားအိုသည် သူ၏သား၊ ချွေးမတို့နှင့်အတူ နေထိုင်သည်။ ချွေးမဖြစ်သူသည် အဘွားအိုအား မကြည်ဖြူပေ။ အဘွားအို အစားကြီးသဖြင့် ဆန်အလွန်ကုန်သည်။ ထို့ကြောင့် အဘွားအိုအား အိမ်တွင် ကြာရှည်ဆက်မထားနိုင်တော့”ဟုဆိုကာ ခင်ပွန်းသည်အား အမြဲ ကုန်းချောစကား ဆိုသည်။ ရန်လုပ်သည်။
နောက်ဆုံးတွင် ချွေးမ၏စကား အောင်လေသည်။ မိုက်မဲသောသားသည် ဇနီးသည်၏ စကားအတိုင်း လိုက်နာကာ အဘွားအိုအား တောထဲတွင် ကျားစာအဖြစ် သွားရောက်စွန့်ပစ်ထားရန် ဆုံးဖြတ်လိုက်လေတော့သည်။ နောက်တစ်နေ့သို့ ရောက်သော် သားဖြစ်သူသည် အဘွားအိုအား တောထဲသို့ ခေါ်သွားသည်။ ကြီးမားသော မန်းကျည်းပင်ကြီး တစ်ပင်၏ ခြေရင်းတွင် ကြိုးဖြင့်တုပ်ကာ ထားပစ်ခဲ့လေသည်။
ညအချိန်သို့ရောက်သော် တောထဲရှိ ကျားများသည် လူနံ့ရသဖြင့် သစ်ပင်အနီးသို့ ချဉ်းကပ်လာကြသည်။ ထိုစဉ် သစ်ပင်စောင့် ရုက္ခစိုးနတ်သည် ရုတ်တရက် ပေါ်လာပြီး “အသင် ကျားတို့၊ ခဏနေကြပါဦး၊ ဒီအဘွားအိုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကျွန်ုပ်အရင် စမ်းသပ်ပါရစေဦး။ တကယ်လို့ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ရင် သူ့ကို သင်တို့စားခွင့် မပေးနိုင်ဘူး။ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး မဟုတ်ခဲ့ဘူးဆိုရင်တော့ သင်တို့ကို စားခွင့်ပေးမယ်”ဟု ပြောသည်။
ကျားများလည်း ရုက္ခစိုး၏စကားကို နာခံကြသည်။ ရုက္ခစိုးသည် ကြက်တောင်တစ်ချောင်းကိုယူ၍ အဘွားအို၏ နှာခေါင်းကို ကလိလိုက်သည်။ အဘွားအိုသည် နှာခေါင်း ယားလာသဖြင့် နှာချေကာ “ဟတ်ချိုး၊ ဟတ်ချိုး၊ ဘုရား၊ ဘုရား”ဟု နှုတ်မှ ရေရွတ်လိုက်သည်။
ထိုအသံကိုကြားသည်နှင့် ရုက္ခစိုးသည် ကျားများအား ကဲ-သင်တို့ကြားပြီမဟုတ်လား။ ဒီအဘွားအိုဟာ သူတော်ကောင်း တစ်ယောက်ပဲ။ ဒါကြောင့် သင်တို့အား သူ့ကိုစားခွင့် မပြုနိုင်ဘူး။ သင်တို့ပြန်ကြတော့”ဟု ပြောလိုက်သည်။ ကျားများလည်း အဝေးသို့ ပြန်လည်ထွက်ခွါသွားကြသည်။
အဘွားအိုသည် ရုက္ခစိုးနှင့် ကျားများ အပြန်အလှန် ပြောဆိုကြသည်များကို ကြားလည်းမကြားရ၊ မြင်လည်း မမြင်ရပေ။ ကျားများရောက်လာ၍ ပြန်ထွက်သွားသည်ကို မြင်ရသည်။
အတန်ကြာသော် အဘွားအို အိပ်ပျော်သွားသည်။ အိပ်ရာမှ နိုးလာသောအခါ နံနက် အရုဏ်တက်နေပြီဖြစ်ကြောင်း တွေ့ရသည်။ သူ့ကိုယ်ပေါ်တွင် ချည်ထားသော ကြိုးများမှာလည်း ပြေနေပြီ။ သူ့ခြေရင်းတွင်လည်း ရွှေအိုးတစ်လုံး ချထားသည်ကို တွေ့ရသည်။ အဘွားအိုသည် ရွှေအိုးကို မ,ကာ ရွာသို့ ဝမ်းသာအားရ ပြန်လာခဲ့လေသည်။ သို့သော် အဘွားအိုသည် ရက်စက်သော သားနှင့်ချွေးမတို့ထံသို့ မပြန်တော့ပေ။ ပါလာသော ရွှေများကို ထုခွဲ၍ အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်ကာ စည်းစိမ်အပြည့်ဖြင့် နေထိုင်လေသည်။
ချွေးမသည် အဘွားအို အသက်မသေဘဲ ပြန်ရောက်လာရုံမက ကြွယ်ဝချမ်းသာနေကြောင်းကို ကြားသိရသောအခါ အလွန်ပင် မနာလို ဖြစ်မိသည်။ ထို့ကြောင့် သူ၏ခင်ပွန်းအား အဘွားအို ရွှေအိုးရလာသည့် အကြောင်းရင်းကို သွားရောက်မေးမြန်းရန် စေလွှတ်လိုက်သည်။ ခင်ပွန်းသည်သည် အဘွားအိုထံ သွားရောက်ကာ ရွှေအိုးရခဲ့သည့် အကြောင်းစုံကို မေးမြန်းသည်။ အဘွားအိုသည် သူ့သားက သူ့အား သေကြောင်းကြံခဲ့သည် မှန်သော်လည်း သားအပေါ်ချစ်ခင်သည့် မိခင်မေတ္တာကြောင့် သားအား ရွှေအိုးရခဲ့ပုံကို ပြန်ပြောခဲ့သည်။
ထိုနေ့ နေ့လည်ပိုင်းသို့ရောက်သော် ချွေးမသည် သူ့အား တောတွင်းသို့ ခေါ်သွားကာ မန်ကျည်းပင်တွင် ကြိုးချည်ထားခဲ့ရန် ခင်ပွန်းသည်အား ပူဆာသည်။ ခင်ပွန်းသည်လည်း သူ့စကားအတိုင်း လိုက်နာခဲ့သည်။ ချွေးမဖြစ်သူလည်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။ ညအချိန်ရောက်သော် ကျားများ ရောက်ရှိလာသည်။ သို့သော် ချွေးမဖြစ်သူသည် ကျားများကို လုံးဝ မကြောက်သည့်အပြင် မကြာမီ ရွှေအိုးရတော့မည်ဟု တွေးကာ ဝမ်းမြောက်ဝမ်းသာပင် ဖြစ်နေမိသည်။
ထိုစဉ် ရုက္ခစိုးနတ် ရောက်လာသည်။ သူက ကျားများအား “အသင်ကျားတို့ ခဏနေကြပါဦး၊ ဒီအမျိုးသမီးဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ကျွန်ုပ် စမ်းသပ်ပါရစေဦး”ဟု ပြောသည်။ ထို့နောက် ချွေးမဖြစ်သူ၏ နှာဝကို ကြက်တောင်ဖြင့် ကျပ်လိုက်သည်။ ထိုအခါ ချွေးမသည် လောဘကြီးသူ ဖြစ်သည့်အတွက် “ဟတ်ချိုး ဟတ်ချိုး ဘယ်မလဲ ငါ့ရွှေအိုး, ဘယ်မလဲ ငါ့ရွှေအိုး”ဟု ချေလိုက်သည်။
ရုက္ခစိုးသည် စိတ်ဆိုးသွားသည်။ သူက ကျားများအား “ဒီအမျိုးသမီးဟာ သူတော်ကောင်း မဟုတ်ဘူး။ အလွန်လောဘကြီးတဲ့ သူယုတ်မာဖြစ်တယ်။ ဒါကြောင့် သူ့ကို သင်တို့ စားကြပေတော့”ဟု ပြောကာ ပျောက်ကွယ်သွားလေတော့သည်။
ချွေးမဖြစ်သူကား လူကြီးသူမကို စော်ကားမှု၊ လောဘကြီးမှုတို့ကြောင့် ရွှေအိုးမရဘဲ အသက်ဆုံးရလေတော့သည်။ (မြန်မာပုံပြင်)
ခင်ရီဝင်း
သူငါကအစ ရှိရှိသမျှ ပုပုရွရွ
သတ္တ၀ါအနန္တဖြစ်သော သံသရာခရီးသည်တို့သည် အစမထင်သော အနမတဂ္ဂ သံသရာရေယဉ်ကြောဝယ်
အစဉ်မပြတ် မျောပါနေကြရသောကြောင့် ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနဲ့
လွဲချော်လာခဲ့ကြသည်။ ထိုသို့ လွဲချော်လာကြပုံကို လယ်တီဆရာတော်ဘုရားကြီးက လှေသူကြီးဖျင်း-ပုံပြင်ဖြင့်
ဥပမာပြ၍ ရှေးဦးစွာ ဟောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်မြို့ ဟံသာဝတီ
ကမ္မဋ္ဌာန်းတိုက်ကြီး၏ ပထမဦးဆုံးသော ပဓာန မဟာနာယက ဖြစ်တော်မူသည့် ဆရာတော်ကြီး
ဦးဂန္ဓမာ-က ထပ်ဆင့်၍ ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
တရံရောအခါက အထက်အညာဒေသတွင် ပညာဉာဏ် ဗဟုသုတ သေးနုပ်သိမ်ဖျင်းသော လှေသူကြီး (လှေပိုင်ရှင်) ဖျင်း တဦး ရှိခဲ့ပါသည်။ ထိုလှေသူကြီးဖျင်းသည် လှေမှု-ဟု ဆိုအပ်သော လှေပဲ့မှု၊ လှေလှော်ခတ်မှု၊ ထိုးဝါးထိုးမှု၊ စသည်တို့၌ နားမလည်သည့်ပြင် ရေစီးရေဆန်၊ ရေ၀ဲရေတိမ်၊ စဉ်းတိမ်သောင်စ၊ သဲပွက်ဝဲမှော်၊ စသော ရေမှုများကိုလည်း နားမလည်၊ မကျွန်းကျင်ခဲ့ပေ။
ထိုသူကြီးဖျင်းသည် သူကဲ့သို့ပင် လှေမှုနှင့် ရေမှုတို့ကို နားမလည်၊ မကျွမ်းကျင်သော လှေထိုးသားတို့ကို ခေါ်ယူ ငှါးရမ်းပြီးလျှင် ရောင်းဝယ်ဖောက်ကားရန်အတွက် ကုန်စည်အမျိုးမျိုးတို့ကို လှေနှင့်အပြည့် တင်ဆောင်ကာ ဗန်းမော်မြို့မှ ရန်ကုန်မြို့အထိ စုန်ဆင်းမည်ဟု ရည်ရွယ်လျက် ခရီးစတင်ခဲ့ပါသည်။
ခရီးလမ်းစဉ်တလျှောက်ရှိ ရွှေကူမြို့၊ ကသာမြို့၊ ထီးချိုင့်မြို့၊ သပိတ်ကျင်းမြို့၊ ကျောက်မြောင်းမြို့၊ မန္တလေးမြို့ စသော မြို့များသို့ ၀င်ရောက်ပြီးလျှင် ရောင်းချသင့်သော ကုန်တို့ကို ရောင်းချ၍ ၀ယ်ယူသင့်သော ကုန်တို့ကို ၀ယ်ယူ တင်ဆောင်ခဲ့ရန် ရည်ရွယ်ခဲ့လေသည်။ သို့သော် သူဆိုက်ကပ်လိုသော မြို့သို့ရောက်သဖြင့် ဆိုက်ကပ်မည် ပြုရာတွင် လှေမှုနှင့် ရေမှုကို နားမလည်သောကြောင့် မဆိုက်ကပ်နိုင်ဘဲ မျောပါလွဲချော်ခဲ့ရလေသည်။
ရံဖန်ရံခါတွင် ဆိုက်ကပ်လိုသောမြို့များသို့ ရောက်ရှိခဲ့သည်။ ၀ဲတွေ၊ ရေစီး၊ ရေမှော်တွေများလှသဖြင့် မဆိုက်ကပ်နိုင်ဘဲ မျောပါလွဲချော်ခဲ့ရပြန်လေသည်။
ရံဖန်ရံခါတွင် ဆိုက်ကပ်လိုသော မြို့များသို့ ညဥ့်အခါ၌ ရောက်ရှိသည်။ မှောင်မိုက်နေသောကြောင့် မြို့ဆိပ်ကမ်းသို့ ရောက်မှန်းမသိဘဲ လွဲချော်ရပြန်လေသည်။
မန္တလေးမြို့ကြီးသို့ မဆိုက်ကပ်နိုင်ဘဲ လွဲချော်လာခဲ့ရာ မြေလတ်ဒေသ၌ ရှိသော မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး၊ စလေ၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ သရက်၊ ပြည် စသော မြို့ကြီးများသို့ ၀င်ရောက်ဆိုက်ကပ်ရန် ရည်ရွယ်ပြန်သည်။ သို့သော်လည်း ယခင်နည်းအတိုင်းပင် အမျိုးမျိုးသော လွဲချော်မှုတွေနှင့် ကြုံတွေ့၍ မဆိုက်ကပ်နိုင်ဘဲ လွဲချော်ခဲ့ရပြန်လေသည်။
ဟင်္သာတမြို့၏ အောက်သို့ကျရောက်သော ကာလတွင်မူ ချောင်းပေါက်တွေကလည်း အလွန်ပေါများသည်က တကြောင်း။ သင်္ဘောကြီး သင်္ဘောငယ်နှင့် တုံကင်းကြီးတို့၏ အသွားအလာ အ၀င်အထွက်ကလည်း များပြားရှုပ်ထွေးသည်က တကြောင်း၊ အညာဒေသမှ လှေသူကြီးဖြစ်၍ ဒီရေအတက်အကျကို နားမလည်၊ မကျွမ်းကျင်သည်က တကြောင်းတို့ကြောင့် မိမိဆိုက်ကပ်ရန် ရည်ရွယ်ရင်းဖြစ်သည့် ရန်ကုန်မြို့သို့ မဆိုက်ကပ်နိုင်ပြန်တော့ပေ။ ဒီရေအကျတွင် ပင်လယ်ဝသို့ မျောပါသွား၍ လှိုင်းလေမိပြီးလျှင် လူရောလှေပါ နစ်မြုပ်ပျက်စီးဆုံးရှုံးရှာလေတော့သည်။
အထက်ပါ ပုံပြင် ဥပမာအတိုင်းပင် သံသရာခရီးသည်တို့သည်လည်း ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနဲ့ အကြိမ်ကြိမ် အဖန်ဖန် လွဲချော်ခဲ့ကြပုံမှာ-
(၁) ရံဖန်ရံခါ မြတ်စွာဘုရားတဆူ ပွင့်တော်မူနေချိန်တွင် အပါယ်လေးဘုံမှာ ကျရောက်နေ၍ လွဲချော်ရသည်။
(၂) ရံဖန်ရံခါ အသညသတ်ဗြဟ္မာကြီး ဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၃) ရံဖန်ရံခါ ရုပ်မရှိသော အရူပဗြဟ္မာကြီး ဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၄) ရံဖန်ရံခါ ဇမ္ဗူဒီပါကျွန်းနှင့် အလှမ်းဝေးကွာသော စကြာဝဠာတပါးမှာ လူဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၅) ရံဖန်ရံခါ မိစ္ဆာဒိဋ္ဌိဝင်ဖြစ်နေ၍ ဘုရားကိုပြစ်မှား၍ လွဲချော်ရပြန်သည်။
(၆) ရံဖန်ရံခါ ဒေ၀ဒတ်၊ စိဉ္စမာဏ၊ မာဂဏ္ဍီတို့ကဲ့သို့ ဘုရား၏ ရန်သူကြီးတွေ ဖြစ်၍ လွဲချော်ရပြန်သည်။
(၇) ရံဖန်ရံခါ မြတ်စွာဘုရားနှင့် ရင်းရင်းနှီးနှီး တွေ့ကြုံ လျှောက်ထားခွင့် ရပါသော်လည်း မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနှင့် ကာမဂုဏ်နောက်သို့ လိုက်စား အားကြီးမိသောကြောင့် သောသလမင်းကြီးတို့ကဲ့သို့ လွဲချော်ရပြန်သည်။
(၈) ရံဖန်ရံခါ မိမိအနီးတွင် ဘုရားတွေ ပွင့်နေသော်လည်း ပဋိသန္ဓေအားဖြင့် မျက်စိကန်း၊ နားပင်း၊ ဉာဏ်ထိုင်း၊ အဆွံ့၊ အအ၊ ဖြစ်နေ၍ လွဲချော်ရပြန်လေသည်။
(၉) ရံဖန်ရံခါ မြတ်စွာဘုရား မပွင့်သော သုညကမ္ဘာများတွင် လူဖြစ်ရ၍ လွဲချော်ရပြန်ပါသည်။
ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တို့နှင့် လွဲချော်၍ ၃၁-ဘုံ၌သာ အထူးသဖြင့် အပါယ် ၄-ဘုံ၌သာ ကျင်လည်နေကြရကုန်သည်။
အထက်ပါ လှေသူကြီး ဖျင်းသည် ပင်လယ်ရေယဉ်ကြောတွင် မျောပါနစ်မြုပ်သွားသကဲ့သို့ သံသရာရေယဉ် ကြောတွင် မမျောပါ မနစ်မြုပ်ကြရလေအောင် တရားအားထုတ်နေကြသော ယောဂီများသည်လည်း ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနှင့် ကြုံကြိုက်တုန်းအခါတွင် ပြည်နိဗ္ဗာန် ကမ်းတဘက်သို့ အမြန်ဆုံး လှမ်းတက်နိုင်ကြစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြကုန်ရာသတည်း။
( ပင်လုံခွန်)
( မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက
မကြခဏ မိန့်ကြားသော စကားတော်တခွန်းမှာ-
မောဃံ ကာလံ န ခေပယေ။
မောဃံ ကာလံ-စားကာ အိပ်ကာ ပျော်ရွှင်ကာဖြင့် လိုရာမေးပြီး ခရီးမလှ အချည်းနှီးသောအချိန်ကာလကို။
န ခေပယေ-မကုန်မခန်း မကျွမ်းစေရာ-ဟု ဖြစ်ပါသည်။
အချည်းနှီးသော အချိန်ကာလ ဟူသည်မှာ ကိုယ့်ကိစ္စ ဆောင်ရွက်ရသော အချိန်မဟုတ်၊ သူများကိစ္စကိုသာ ဆောင်ရွက်ပေးရသော အချိန်ကို ဆိုလိုပါသည်။ ကိုယ့်ကိစ္စဟူသည်မှာ နေက်တဖန် မအို မနာ မသေ ပဋိသန္ဓေ မနေရအောင် ကျင့်ကြံအားထုတ်ရမည့် ကိစ္စကို ဆိုလိုပါသည်။
ကိုယ့်ကိစ္စကိုယ် မဆောင်ရွက်မိသောကြောင့် ဒုက္ခရောက်နစ်မွန်းခဲ့ရပုံကို မိအေး လေးခါနာ-ပုံပြင်ဖြင့် မိုးညှင်းဆရာတော်ဘုရားကြီးက ရန်ကုန်မြို့ မိုင်တာကွင်း တရားပွဲတွင် ပထမဦးစွာ စတင် ဟောကြားခဲ့ပါသည်။ ထိုပုံပြင်ကိုပင် ဟံသာဝတီ ကမ္မာဋ္ဌာန်း ပထမဆရာတော် ဘုရားကြီး ဦးဂန္ဓမာ က ထပ်ဆင့်ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
တရံရောအခါက ရွာတရွာတွင် မိအေး-ဟုခေါ်သော အမျိုးသမီးတယောက် ရှိခဲ့ပါသည်။ မိအေးသည် နွားတကောင်ကို တန်ဖိုးကြီးကြီးပေး၍ ၀ယ်ယူလိုက်ပါသည်။ တန်ဖိုးကြီးကြီးပေးလိုက်ရသောကြောင့် မိအေးတယောက် ပထမဦးစွာ နစ်နာခဲ့သည်ဟု ဆိုရပါမည်။
တန်ဖိုးကြီးသောနွား ဖြစ်သောကြောင့် အခြားသူများနွားကဲ့သို့ ကွင်းပြင်မှာ လွှတ်ပြီး မကျောင်းဝံ့ပေ။ အစာရေစာတို့ကို မကောင်းကောင်းအောင် ရှာကြံ၍ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ ကျွေးမွေးရပါသည်။ မိအေး ဒုတိယအကြိမ် နစ်နာပြန်ပါသည်။
ဤကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ မကောင်းကောင်းအောင် ရှာကြံကျွေးမွေးနေရသော်လည်း နွားကို မိမိကိုယ်တိုင် မိမိကိစ္စအတွက် မခိုင်းစေရဘဲ မိမိရန်သူက ယူဆောင်ခိုင်းစေနေပါတော့သည်။ မိအေး တတိယအကြိမ် နစ်နာပြန်ပါတော့သည်။
ရန်သူက ခိုင်းပြီးသောအခါ နွားကို မိအေးထံ ပြန်မပို့တော့ဘဲ တိရစ္ဆာန်ထောင်ထဲသို့ ချထားလိုက်ပါတော့သည်။ သည်တကြိမ်တွင်တော့ မိအေး နာလန်မထူနိုင်အောင် နစ်နာသွားပါတော့သည်။ စတုတ္ထအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် အနစ်နာကြီး နစ်နာသွားပါတော့သည်။
ထိုပုံပြင်၏ အနက်အဓိပ္ပါယ်ကို ဆရာတော်ဘုရားကြီးများက အောက်ပါအတိုင်း ထင်ဟပ်ဖွင့်ဆိုလျက် မိန့်ကြားခဲ့ကြပါသည်။
လူ့လောကမှာရှိသည့် လူများသည် လူ့ဘ၀အဖြစ်ကို ရရှိအောင် တန်ဖိုးကြီးကြီး ပေးသည့်အနေဖြင့် ဒါန၊ သီလ၊ ဘာဝနာတရားများကို တစိုက်မတ်မတ် ကျင့်ကြံအားထုတ်ခဲ့ရပါသည်။ အိပ်ကာ စားကာ ပျော်ရွှင်ကာနှင့် အချည်းနှီးအလကား မနေခဲ့ရပါ။ လူ့ဘ၀ ရအောင် တန်ဖိုးကြီးကြီး ပေးခဲ့ကြရပါသည်။ တနည်းအားဖြင့် အနစ်နာခံခဲ့ရပါသည်။
လူ့ဘ၀ကို ရောက်ပြန်သောအခါ လူ့အဖိုးတန်ဖြစ်ရန် စားဝတ်နေရေး ကျန်းမာရေးအတွက် အခြားလူများထက် သာလွန်အောင် ပင်ပန်းကြီးစွာ ရှာဖွေစုဆောင်း စွမ်းဆောင်ရပြန်ပါသည်။ မကောင်းကောင်းအောင် စီစဉ်ဆောင်ရွက်သဖြင့် ဖတ်ဖတ်မောအောင် နစ်နာခဲ့ပြန်ပါသည်။ ဒုတိယအကြိမ် နစ်နာခြင်း ဖြစ်ပါသည်။
ထိုသို့နစ်နာနေသော်လည်း မိမိကိစ္စကိုကားမဆောင်ရွက်ရပါ။
ဒါနပြုပါဆိုလျှင် မရှိသေးလို့
သီလဆောက်တည်ပါဆိုလျှင် မအားသေးလို့
ဘာဝနာပွားပါဆိုလျှင် မခင်သာသေးလို့-ဟု ငြင်းပယ်နေပါသည်။
မြတ်စွာဘုရား လက်ထက်တော်အခါက ကျောင်းအမကြီး ၀ိသာခါ ပြောသကဲ့သို့ အဟောင်းစား-သာ ဖြစ်ခဲ့ပါသည်။
တဏှာရန်သူက ခိုင်းစေပါက ခြွေရံလင်မယား သမီးသားနှင့် စီးပွားအာရုံ ကာမဂုဏ်တို့အတွက် နေပူမရှောင် မိုးရွာမရှောင် ညဥ့်နက်သန်းခေါင်မရှောင် လင်းအားကြီးမရှောင် မြွေမကြောက် ကင်းမကြောက် ကျားမကြောက် ဆင်မကြောက် ဘေးအန္တရာယ်ဟူသမျှမကြောက် ဒရောသောပါး အပြေးအလွှား ဖတ်ဖတ်မောအောင် ဆောင်ရွက်ရပါသည်။ တဏှာရန်သူက ခိုင်းစေသောအခါ မဆိုင်းမတွ အားပါးတရ လုပ်ဆောင်ပေးရခြင်းသည် တတိယအကြိမ် နစ်နာခြင်းဖြစ်ပါသည်။
ဤသို့ တဏှာရန်သူက အခိုင်းခံရလျက် အခြားသူများ၏ အလုပ်ကိုသာ ကျေးကျွန်သဖွယ် လုပ်နေရသော သူကို နောက်ဆုံးတွင် မိအေး၏ နွားတိရစ္ဆာန်ထောင်ထဲသို့ အချခံလိုက်ရသကဲ့သို့ အပါယ်သံသရာသို့သာ အချခံလိုက်ရပြီ ဆိုကတည်းက မျှော်လင့်ဖွယ်ရာ မရှိလောက်အောင် နစ်မွန်းသွားပါတော့သည်။
လူ့ဘ၀သို့ ခေတ္တခဏ ဧည့်သည်အဖြစ်ရောက်ရှိလာသူသည် မိမိ၏ အမြဲတမ်းနေအိမ်ဖြစ်သည့် အပါယ်ဘုံသို့သာ ပြန်လည်ရောက်ရှိသွားပါတော့သည်။
ဤကဲ့သို့ အပါယ်သံသရာသို့ အချခံလိုက်ရခြင်းသည် စတုတ္ထနှင့် နောက်ဆုံးအကြိမ်အဖြစ် အနစ်နာကြီး နစ်နာခြင်းဖြစ်ကြောင်းကို ဆရာတော်ဘုရားကြီးများက ဟောကြားဆုံးမတော်မူခဲ့ကြပါတော့သည်။
ထို့ကြောင့် တရားအားထုတ်နေကြသော ယောဂီများသည်လည်း အပါယ်သံသရာသို့ နောက်တဖန် ပြန်လည်မရောက်ရှိရလေအောင် လူ့ဘ၀ ရတုန်းရခိုက်တွင် အချိန်ရှိခိုက် လုံ့လစိုက်လျက် ဒါန သီလ ဘာဝနာ တရားများကို ကျင့်ကြံကြိုးကုတ် အားထုတ်ဆောင်ရွက်ကြရမည်သာ ဖြစ်ပါတော့သည်။
( ပင်လုံခွန် )

ရန်ကုန်မြို့ ဟံသာဝတီ
ကမ္မဋ္ဌာန်းတိုက်ကြီး၏ ပထမဦးဆုံးသော ပဓာန မဟာနာယက၊ ရှမ်းရွာ စင်ပြွမ်းကုန်း
ဆရာတော်ဘုရားကြီး ဦးဂန္ဓမာ-က လူတို့၏ ၀ိပဿနာဉာဏ်အမြင် အဆင့်ဆင့်တိုးတက်လာပုံကို
မြွေဆေးအတတ်၌ ကျွမ်းကျင်သော မြွေဆေးဆရာကြီးက မြွေကိုက်ခံရသော လူနာအား ကုသပုံ ဥပမာ
ပုံပြင်ဖြင့် ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
တရံရောအခါ ရွာကြီးတရွာတွင်မြွေဆေးကုအတတ်၌ ကျွမ်းကျင်လိမ္မာသော မြွေဆေးဆရာကြီးတဦး ရှိသည်။ တနေ့သောအခါ ခြေမနှင့် ခြေညှိုးကြား၊ ထို စိုးရိမ်စရာ အကောင်းဆုံးနေရာကိုမှ မြွေကိုက်ခံလိုက်ရသော လူနာတဦးအတွက် လူနာရှင်များက မြွေဆေးဆရာကြီးကို လာရောက်ပင့်ဆောင်ကြသည်။
ဆရာကြီးက လူနာအိမ်သို့ လိုက်ပါကြည့်ရှုရာ လူနာမှာ လူမှန်းမသိ၊ သူမှန်းမသိ၊ သတိလစ်နေသည်၊ အသက်ရှူလည်း ရပ်နေသည်။ လူသေကောင်ကဲ့သို့ ဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ ဆရာကြီးက ပထမဦးဆုံး ကုသခြင်းအနေဖြင့် ကုသလိုက်ရာ လူနာသည် အသက်ရှူလာသည်။ ထိုအခါ လူနားရှင်များက-
ဆရာကြီး၊ လူနာ အသက်ရှူလာပြီ-ဟု အားပါးတရ ပြောကြသည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး။ မင်းတို့လူနာ အသက်ရှူရုံသာ ရှူသေးတာ။ မြွေဆိပ်တွေက ဘယ်ကမှ မကျသေးလို့ စိုးရိမ်ရသေးတယ်-ဟု ပြောဆိုလိုက်သည်။
ဆရာကြီးက ဒုတိယအကြိမ် ဆက်လက်ကုသလိုက်ပြန်ရာ လူနာမှာ လူးလိမ့်လာသည်။ ထိုအခါ လူနာရှင်များက-
ဆရာကြီး လူနာ လူးလိမ့်လာပြီ-ဟု ၀မ်းသာအားရ ပြောကြားကြပြန်သည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး၊ မင်းတို့လူနာ လူးလိမ့်ရုံသာ လူးလိမ့်နိုင်သေးတာ၊ မြွေဆိပ်တွေ ဘယ်ကမှ မကျသေးလို့ စိတ်မချရသေးဘူး-ဟု ပြောပြန်သည်။
ဆရာကြီးက တတိယအကြိမ် ဆက်လက်ကုသပြန်ရာ လူနာမှာ သတိရလာကာ မျက်စိပွင့်လာသည်။ ထိုအခါ လူနာရှင်များက-
ဆရာကြီး လူနာ သတိရလာပြီ မျက်စိပွင့်လာပြီ-ဟု ၀မ်းပန်းတသာ ပြောကြပြန်သည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး၊ မင်းတို့လူနာ သတိရပြီး မျက်စိပွင့်ရုံသာ ပွင့်သေးတာ၊ မြွေဆိပ်တွေ ဘယ်ကမှ မကျသေးလို့ စိတ်မချရသေးဘူး-ဟု ပြောပြန်ပါသည်။
ဆရာကြီးက စတုတ္ထအကြိမ် ဆက်လက်ကုပြန်ရာ မြွေဆိပ်များ ဦးခေါင်းမှ ခါးသို့တိုင်အောင် ကျဆင်းသွားပါတော့သည်။ ထိုအခါ ဆရာကြီးက-
မင်းတို့လူနာ ဦးခေါင်းက မြွေဆိပ်များ ခါးတိုင်အောင် ကျသွားပါပြီ၊ နည်းနည်းတော့ သက်သာလာပါပြီ။ ဒါပေမဲ့ မြွေဆိပ်တွေ ကျန်သေးလို့ စိတ်မချရသေးဘူး-ဟု ပြောဆိုသည်။
ဆရာကြီးက ပဉ္စမအကြိမ် ဆက်လက်ကုပြန်ရာ ခါးမှ မြွေဆိပ်များ ဒူးဆိပ်သို့တိုင်အောင် ကျဆင်းသွားသည်။ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များ ခါးမှ ဒူးဆစ်တိုင်အောင် ကျဆင်းသွားပါပြီ။ တော်တော်တော့ သက်သာလာပါပြီ။ ဒါပေမဲ့ စိတ်မချရသေးဘူး-ဟု ပြောဆိုပြန်သည်။
ဆရာကြီးကဆဋ္ဌမအကြိမ် ဆက်လက်ကုသလိုက်ပြန်ရာ မြွေဆိပ်များ ဒူးဆစ်မှ ခြေချင်းဝတ်သို့ တိုင်အောင် ကျဆင်းသွားပါတော့သည်။ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များ ဒူးဆစ်မှ ခြေချင်းဝတ်တိုင်အောင် ကျဆင်းသွားပါပြီ။ အသက်ချမ်းသာရာ ရမည့်ဘက်သို့ နီးလာပါပြီ-ဟု ပြောကြားပြန်သည်။
ဆရာကြီးက သတ္တမအကြိမ် ဆက်လက်ကုသရာ ခြေချင်းဝတ်မှ မြွေဆိပ်များ မြွေကိုက်ရာ အနာဝသို့ လျှောကျသွားပါတော့သည်။ ထိုအခါကျမှ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များအားလုံး လျှောကျသွားပြီ။ အသက်ချမ်းသာရာရပြီ။ စိတ်ချရပြီ-ဟု ဆိုပါတော့သည်။ လူနာမှာလည်း ကိုယ်စိတ်နှစ်ဖြာချမ်သာစွာဖြင့် ထထိုင်ပါတော့သည်။
ထိုဥပမာပုံပြင်တွင် မြွေဆိပ်မွှန်၍ သတိလစ်နေသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသောကြောင့် ဘုရား၊ တရား၊ သံဃာမှန်း မသိ၊ ကံ-ကံ၏အကျိုးကို မယုံကြည်သည့် အလွန်သနားစရာ ကောင်းသောသူကို ရည်ညွှန်းပါသည်။
အသက်ရှူလာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ လွှမ်းမိုးနေသော်လည်း ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ယုံကြည်သောကြောင့် ဒါနပြု၊ သီလဆောက်တည်နေသူကို ရည်ညွှန်းသည်။
လူးလှိမ်းလာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသော်လည်း သဒ္ဓါတရားနှင့် ပြည့်စုံ၍ ရသေ့၊ ရဟန်းပြုကာ ဓူတင်တရားများ ဆောင်ပြီး ကျင့်ကြံနေသူကို ရည်ညွှန်းသည်။
သတိရ မျက်စိပွင့်လာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသော်လည်း ရုပ်တရား၊ နာမ်တရားများကို မြင်အောင် ဘုရားဂူကျောင်းများတွင် ခိုအောင်းကာ ဘာဝနာတရား အားထုတ်နေသောကြောင့် ရုပ်တရား၊ နာမ်တရားများကို သိမြင်လာသောသူကို ရည်ညွှန်းပါသည်။
ဦးခေါင်းမှ မြွေဆိပ်ခါးသို့ ကျသွားသော လူနာဟူသည်မှာ-
ဘာဝနာတရားများကို ဆက်လက်အားထုတ်သောကြောင့် သောတာပန် ဖြစ်သွားသူကို ရည်ညွှန်းသည်။
ခါးမှ မြွေဆိပ် ဒူးဆစ်သို့ ကျသွားသော လူနာဟူသည်မှာ-
ဘာဝနာတရားများဆက်လက်အားထုတ်သောကြောင့် သကဒါဂါမ် ဖြစ်သွားသူကို ရည်ညွှန်းသည်။
ဒူးဆစ်မှ မြွေဆိပ် ခြေချင်းဝတ်သို့ ကျသွားသော လူနာဟူသည်မှာ-
တရားများ ဆက်လက်အားထုတ်သောကြောင့် အနာဂါမ်ဖြစ်သွားသူကို ရည်ညွှန်းသည်။
ခြေချင်းဝတ်မှ မြွေဆိပ် မြွေကိုက်ရာ အနာဝသို့ရောက်ပြီး မြွေဆိပ်အားလုံး လျှောကျ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသွားသောသူ ဟူသည်မှာ-
အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သွားသောသူကို ရည်ညွှန်းသည်။
အထက်ဖော်ပြပါ မြွေဆေးဆရာကြီးနှင့် မြွေကိုက်ခံရသောလူနာ-ပုံပြင်မှာ စင်ပြွမ်းကုန်းဆရာတော်ဘုရားကြီးက တရားအားထုတ်နေသော ယောဂီများကို ၀ိပဿာနာဉာဏ်အမြင် အဆင့်ဆင့်တိုးတက်စေရန် ကျင့်ကြံအားထုတ်ကြဖို့ တိုက်တွန်းနှိုးဆော်စဉ်က ဥပမာပြသော ပုံပြင်ဖြစ်ပါသည်။
လူနာအခြေအနေ အဆင့်ဆင့် ကောင်းမွန်လာပုံနှင့် ၀ိပဿနာဉာဏ်အမြင် အဆင့်ဆင့် တိုးတက်လာပုံတို့ကို နှိုင်းယှဉ်၍ ဥပမာပြထားပါသည်။

တခါတုန်းက အဘိုးအို ဇနီးမောင်နှံမှာ
စိုက်ပျိုးပြီး လယ်တွေ ရှိကြသတဲ့။ စပါးပင်တွေက စိမ်းစိမ်းစိုစိုနဲ့ဆိုတော့
ကျေးငှက်မျိုးစုံ လာရောက် ကျက်စားပျော်ပါးကြသတဲ့။ အဲဒီလယ်တွေထဲက လယ်တကွက်မှာ စာဖို
စာမ မောင်နှံက အသိုက်အမြုံ လုပ်နေတာပေါ့။ ဒီလိုနဲ့ ငှက်ကလေးများ ပေါက်ဖွားလာကြရော။
စပါးနှံတွေကလဲ တဖြည်းဖြည်း ၀ါဝင်းမှည့်ရင့်လာခဲ့တယ်။ စာဖိုကတော့ တနေကုန်
ဟိုပျံလိုက် ဒီပျံလိုက်နဲ့ သွားလာလှုပ်ရှားရင်း အိပ်တန်းတက်ချိန်မှ ပြန်လာတတ်တယ်။
ဒီလိုနဲ့ တနေ့တော့ အဘိုးအိုဇနီးမောင်နှံဟာ ရောက်နေကျအချိန်မှာ လယ်တောကို ရောက်လာကြတယ်။ စပါးနှံတွေကလဲ မှည့်ရင့်ပြီး ညွတ်ကိုင်းလို့။ ဒီတော့ အဘိုးကြီးက အမယ်ကြီးကို -ရှင်မရေ၊ တို့စပါးတွေ ရိတ်မှဖြစ်တော့မယ်။ မှည့်ရင့်နေပြီ-လို့ ပြောလိုက်သတဲ့။ ဒါကို စာမ-က ကြားတော့ အထိတ်တလန့် ဖြစ်တာပေါ့။ စာကလေးတွေနဲ့ ဘယ့်နှယ်လုပ်ရပါ့။ တို့အသိုက်အမြုံလေးတော့ ပျက်စီးတော့မှာပဲပေါ့။
ဒီတော့ ညနေမိုးချုပ် စာဖို ပြန်အလာမှာ ဆီးပြီး ပြောတော့တာပေါ့။ အတွေ့အကြုံရင့်ကျက်တဲ့ စာဖို-ကတော့ လေအေးအေးနဲ့ အရေးမကြီးပါဘူးကွာ၊ မင်းကလဲ စိတ်မပူပါနဲ့၊ ခေါင်းအေးအေး ထားစမ်းပါ-လို့ ပြန်ပြောသတဲ့။
ဒီလိုနဲ့ နောက်တနေ့ ရောက်ပြန်ရော။ အဘိုးအို လင်မယားကလဲ လယ်တောကို ရောက်လာကြပြန်တယ်။ အင်း-စပါးနှံတွေကလဲ မှည့်ရင့်နေပြီ။ မနက်ဖြန် တို့တော့ ကောက်ရိတ်တဲ့သူတွေငှါးပြီး ရိတ်မှဖြစ်တော့မယ်-လို့ အဘိုးအိုက ညည်းလိုက်ပြန်ရော။
ဒီစကားကို စာမ ကြားတော့ စာဖို အပြန်မှာ ဆီးပြီးပြောပြန်ရော။ ဒီမှာ ဒီမှာ၊ နက်ဖြန်ခါ ကောက်ရိတ်တွေကို ငှါးပြီး ရိတ်တော့မှာတဲ့။ ဒီတော့ စာဖိုက ပြန်ပြောလိုက်တယ်။ မင်းကလဲ အရေးမကြီးသေးပါဘူး။ စိတ်မပူစမ်းပါနဲ့-တဲ့။ ဒီလိုနဲ့ တခါပြီးသွားပြန်ရော။
နောက်တနေ့ အဘိုးအိုမောင်နှံ လယ်တောကို ရောက်လာကြပြန်တယ်။ အဘိုးအိုက စပါးနှံတွေ ရင့်မှည့်နေတာကို မြင်တော့ အားမလို အားမရ ဖြစ်လာတယ်။ ဒီတော့ သူက အမယ်ကြီးကို လှမ်းပြောလိုက်တယ်။ ကဲ-ရှင်မ၊ ကောက်ရိတ်သူတွေကလဲ နေ့ရွှေ့ ရက်ရွှေ့နဲ့ ဒီလိုနဲ့ တို့စပါးတွေ ရင့်ပြီး ပျက်စီးကုန်တော့မှာပဲ။ ဒီတော့ တို့ကိုယ်တိုင်ပဲ မနက်ဖြန်ခါတော့ ရိတ်လိုက်ကြစို့ကွယ်-တဲ့။
ဒီစကားကိုလဲ စာမ-က ကြားရပြန်တယ်။ ညနေချိန် စာဖို ပြန်ရောက်လာတော့ ထိတ်ထိတ်ပျာပျာနဲ့ ဆီးပြောလိုက်ပြန်တယ်။
နက်ဖြန်ခါ ကိုယ်တိုင်ရိတ်ကြတော့မယ်-တဲ့။
ဟုတ်လား၊ ဒါဖြင့်ရင် ငါတို့ ကနေ့ညပဲ ပြောင်းကြစို့ရဲ့-ဆိုပြီး စာဖို နဲ့ စာမ ညတွင်းချင်း လယ်တောက ပြောင်းရွှေ့ခဲ့ကြတယ်။
နောက်တနေ့မှာပဲ အဘိုးအို လင်မယားဟာ ကိုယ်တိုင်ပဲ စပါးပင်တွေ ရိတ်လိုက်ကြသတဲ့။ အဲဒီတော့မှပဲ စပါးတွေအကုန်လုံး အပျက်အစီးမရှိ အိမ်က ကျီထဲကို ရောက်တော့သတဲ့။
ပုံပြင်ဆုံးတာနဲ့ ဆရာတော်ကြီးက တပည့်များကို အောက်ပါသြ၀ါဒကို ပေးပါတယ်။
အဲဒီတော့ မင်းတို့ မှတ်ထားကြ။ ကိုယ်ကိုယ်တိုင် မလုပ်လျှင် ဘယ်ကိစ္စမှ ရှောရှောရှူရှူနဲ့ မြန်မြန်ဆန်ဆန် ပြီးမှာ မဟုတ်ဘူး-တဲ့။
(ငါန်းဇွန်-မောင်လွမ်းမွန်)
မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ဟောပြောသော ပုံပြင်။
( မြတ်မင်္ဂလာ ၂၀၀၃-ခု သြဂုတ်လ)

( သီလစောင့်သူ )
အနောမဒဿီမြတ်စွာဘုရားရှင် ပွင့်တော်မူသော အချိန်တွင်ဖြစ်သည်။ စန္ဒ၀တီမြို့တော်ကြီးတွင် မောင်ဖြူစင်-ဟူသော အမျိုးသားကလေးတဦး ရှိသည်။ သူသည် စိတ်ထားဖြူစင်သည်။ ကိုယ် နှုတ် အမူအရာ အလွန်ယဉ်ကျေးသိမ်မွေ့သည်။ သို့သော် သူ့ခမျာ အလွန်ဆင်းရဲနွမ်းပါးရှာသည်။ ချမ်းသာသူများထံတွင် သူခစား လုပ်ရရှာသည်။ အလုပ်တာဝန်ကို စေ့စပ်သေချာစွာ စိတ်ကောင်းထား ဆောင်ရွက်တတ်သဖြင့် အလုပ်ရှင်များက မောင်ဖြူစင်ကို အထူးချစ်ခင်ကြသည်။
သြော်-ငါ့ဘ၀ဟာ အင်မတန်ဆင်းရဲလို့ သူခစားလုပ်နေရတယ်။ ဘုရားရှင်နှင့် သံဃာတော်တွေကို အစွမ်းကုန် လှူဒါန်းပူဇော်ချင်ပေမယ့် ငါ့မှာ ဥစ္စာပစ္စည်း လုံလောက်အောင် မရှိဘူး။ လူသားတွေအချင်းချင်း မေတ္တာအပြည့်နှင့် စွန့်ကြဲကူညီချင်ပေမယ့် ဥစ္စာပစ္စည်းက ရှားပါးလိုက်တာ။ ငါ့ဘ၀မှာ ဘယ်ကောင်းမှုကို အဓိကထားပြီး အနှစ်ထုတ်ယူရပါ့မလဲ။
တရက်တွင် မောင်ဖြူစင်တယောက် လေးနက်စွာ တွေးတောမိသည်။ ဆင်းရဲသော်လည်း ဘ၀၏အနှစ်သာရ အမှန်ဖြစ်သော ကောင်းမှုတခုကို အားစိုက်ထုတ်ယူရန် နည်းလမ်းရှာသည်။
အင်း-အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ တပည့် နိသဘမထေရ်ဟာ အင်မတန်ဉာဏ်ပညာ ကြီးမားတယ်။
အဲဒီ မထေရ်ထံကို သွားရောက်ဖူးမြော် လျှောက်ထားရရင် ငါလိုချင်တဲ့အဖြေကို ရလောက်တယ်။
မောင်ဖြူစင်သည် ထိုသို့ အကြံရပြီးလျှင် နိသဘမထေရ်မြတ်ထံသို့ သွားသည်။ ရိုသေစွာ ရှိခိုးဦးချပြီး မိမိ၏ အကြံကို လျှောက်ထားမေးမြန်းသည်။ ထိုအခါ နိသဘမထေရ်ကလည်း မေတ္တာရှေ့ထားကာ ဖြေကြားပေးသည်။
ဒကာလေး မောင်ဖြူစင်က ပစ္စည်းဥစ္စာ ဆင်းရဲချို့တဲ့တော့ ဒါနဆိုတဲ့ လှူဒါန်း ပေကမ်း စွန့်ကြဲတာကို တအားစိုက် မလုပ်နိုင်ပေဘူးပေါ့။ ဒါပေမယ့် အားငယ်စရာ မရှိပါဘူးကွယ်။ ဒကာလေးမှာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ရှိနေတာပဲ။ ဒကာလေးရဲ့ ခန္ဓာကိုယ်ကို အရင်းအနှီးပြုပြီး သီလကို စောင့်ထိန်းနိုင်တာပေါ့။ ဒီတော့ လူသားတွေ အမြဲရိုသေစွာ စောင့်ထိန်းအပ်လို့ နိစ္စဂရုဓမ္မသီလ-လို့ ခေါ်တဲ့ ငါးပါးသီလကို မြဲမြံစွာ ရာသက်ပန် စောင့်ထိန်းသွားပေါ့။
သီလ ပထမ၊ ဒါန ဒုတိယ-ဆိုတဲ့မူကို လက်ကိုင်ပြုပြီး ဘ၀အနှစ်အဖြစ် ငါးပါးသီလကုသိုလ်ကို အဓိကထား ထုတ်ယူသွားပေါ့ကွယ်။
မောင်ဖြူစင်သည် နိသဘမထေရ်မြတ်၏ ဖြေကြားချက်ကို အလွန်နှစ်သက် သဘေကျသွားသည်။ ထိုမထေရ်မြတ်ထံမှာပင် ငါးပါးသီလကို ရိုသေစွာ ဆောက်တည်လိုက်သည်။ ထို့နောက်တွင်လည်း လူ့တာဝန်များကို ထမ်းဆောင်ရင်း ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းသည်။ အနှစ်တသိန်း သက်တမ်းကုန်သည်အထိ လုံခြုံအောင် ဖြူစင်စွာ အထူးစောင့်ထိန်းလေသည်။
သက်တမ်းကုန်၍ မောင်ဖြူစင်ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်သည်။ ထို့နောက်တွင် လူ-နတ် ချမ်းသာတို့ကို အကြိမ်ကြိမ်ခံစားရသည်။ သံသရာခရီးလမ်းတွင် အထက်တန်းကျကျ ကျင်လည်သွားလာရသည်။
ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါတွင် ဝေသာလီပြည်ရှိ သူဋ္ဌေးမျိုးဝယ် လူဖြစ်သည်။ ချမ်းသာပြည့်စုံစွာ နေထိုင်ရသည်။ အသက် ၅-နှစ်အရွယ်သို့ ရောက်သောအခါ ဘုရားရှင်သာသနာတွင် ၀င်ရောက်လျက် တရားဘာဝနာများ အားထုတ်သည်။ ရက်ပိုင်းအတွင်း ရဟန္တာဖြစ်တော်မူသည်။
ပဉ္စသီလသမာဒါနိယ မထေရ်-ဟု အမည်တွင်သည်။ ဤဖြစ်ရပ်သည် ငါးပါးသီလကို ဆောက်တည် စောင့်ထိန်းခဲ့ရသော ကောင်းမှုကုသိုလ်ကံ၏ စွမ်းအားသတ္တိ ကြီးမားပုံ သာဓကတရပ် ဖြစ်ပါသည်။
အကိုး။ ထေရဂါထာပါဠိတော် ပဉ္စသီလသမာဒါနိယမထေရ် ၀တ္ထုကို မှီငြမ်းရေးဖွဲ့ပါသည်။
( မောင်ကျော်သန်း-ရွှေတောင်အင်း )
( မြတ်မင်္ဂလာ ၁၉၉၈-ခု ဇန်န၀ါရီလ )

( ဇာတ်နိမ့်အမျိုးသမီးကလေး ပကတိ )
တနေ့သ၌ အရှင်အာနန္ဒာသည် ခရီးတခုကို ကြွချီတော်မူသည်။ လမ်းခရီးတွင် ရွာတရွာကို ဖြတ်သန်းသွားရာ ရွာစွန်တွင် ရေတွင်းတခုကို တွေ့သည်။ ရေတွင်းတွင် မာတင်္ဂမျိုးနွယ်ဝင် ဇာတ်နိမ့်အမျိုးသမီးကလေး ပကတိသည် ရေခပ်လျက် ရှိသည်။
အရှင်အာနန္ဒာသည် ရေငတ်တော်မူသဖြင့် ထိုအမျိုးသမီးကလေးထံမှ ရေအလှူခံသည်။
ချစ်နှမ၊ ရေအနည်းငယ် ပေးလှူပါ။
ဇာတ်နိမ့်အမျိုးသမီးကလေး ပကတိသည် ရေပေးလှူလိုသည်၊ သို့ရာတွင် မိမိမှာ ဇာတ်နိမ့်ဖြစ်နေသဖြင့်မပေးလှူဝံ့။ ၀မ်းနည်းအားငယ်စွာဖြင့် လျှောက်ထားသည်။
အရှင်၊ ကျွန်တော်မျိုးမသည် အလွန်ယုတ်ညံ့လှသော ဇာတ်နိမ့်အမျိုးသမီး ဖြစ်ပါသည်။ ကျွန်တော်မျိုးမ၏ ရေကို အရှင် အလှူမခံထိုက်ပါ။ မသုံးဆောင်ထိုက်ပါ။
ထိုအခါ အရှင်အာနန္ဒာက ချစ်နှမ၊ ငါသည် ဇာတ်ကို အလှူမခံ၊ ရေကိုသာ အလှူခံသည်၊ သဒ္ဓါတရား ထက်သန်စွာဖြင့် ရေကိုလှူပါ-ဟူ၍ မိန့်တော်မူသည်။
ပကတိလည်း ၀မ်းမြောက်ဝမ်းသာဖြင့် အရှင်အာနန္ဒာအား ရေပေးလှူသည်။ အရှင်အာနန္ဒာလည်း ရေသုံးဆောင်ပြီးလျှင် ခရီးဆက်လက် ကြွသွားသည်။ ပကတိသည် အရှင်အာနန္ဒာ၏ အပြုအမူကို လွန်စွာမြတ်နိုး၍ အရှင်အာနန္ဒာကို အလွန်ကြည်ညိုမိသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်ရှိရာ ကျောင်းတော်သို့ သွား၍ ဘုရားရှင်အား လျှောက်ထားခွင့်ပန်သည်။
အရှင်ဘုရား၊ တပည့်တော်မသည် အရှင်အာနန္ဒာကို အလွန်ကြည်ညိုလှပါသည်၊ တပည့်တော်မအား အရှင်အာနန္ဒာ သီတင်းသုံးနေထိုင်ရာ အနီးတွင် နေထိုင်ခွင့် ပြုတော်မူပါ။ အရှင်အာနန္ဒာကို တပည့်တော်မ လုပ်ကျွေးပြုစုလိုပါသည်ဘုရား။
ဗုဒ္ဓဘုရားရှင်သည် အကြောင်းစုံကို သိရှိတော်မူသဖြင့် ပကတိအား ဆိုဆုံးမတော်မူသည်။
ချစ်သမီး၊ သင်သည် စင်စစ် အရှင်အာနန္ဒာကို ချစ်မြတ်နိုးသည်မဟုတ်၊ အရှင်အာနန္ဒာ ကျင့်သုံးသော အကြင်နာတရားကို ချစ်မြတ်နိုးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အကြင်နာတရားကို သင့်နှလုံးသား၌ စွဲပိုက်ထားပါ။ ထိုအကြင်နာတရားဖြင့် သင့်ဝန်းကျင်ရှိ လူအပေါင်းကို ကြင်နာစွာ ပြုစုစောင့်ရှောက်ပါလော့။
ငါဘုရားပုံဆောင်၍ ဆိုဦးမည်။
တခါက ဘုရင်တပါးသည် သူ၏ ကျေးကျွန်တယောက်အား ကြင်နာစွာ ပြုစုစောင့်ရှောက်ထားသည်။ စင်စစ် ထိုသို့ ကြင်နာစွာ ပြုစုစောင့်ရှောက်ထားသည်ထက် ထိုကျေးကျွန် တစုံတခုသောပြစ်မှု ကျူးလွန်ရာ၌ ကြင်နာစွာ ခွင့်လွှတ်ခြင်းက ပို၍ မြင့်မြတ်သည်။ အလားတူပင် အခြားသူများ အပေါ်လည်း ဖိနှိပ်ခြင်းမပြု၊ နှိပ်စက်ခြင်းမပြု၊ ကြင်နာစွာ ပြုစုစောင့်ရှောက်၍ အပြစ်ကျူးလွန်လျှင်လည်း ကြင်နာစွာ ခွင့်လွှတ်ခြင်းက ပို၍ ကောင်းမြတ် ပေသည်။
ထိုသို့ ဆိုဆုံးမတော်မူပြီးလျှင် ဘုရားရှင်က ပကတိအား ချစ်သမီး၊ သင်သည် အကြင်နာတရားကို ရင်ဝယ်ပိုက်၍ လူအများအား ကြင်နာစွာ ပြုစုစောင့်ရှောက်ပါ။ သင်၏ အပြုအမူကို အမျိုးမြတ်သူတို့ စံနမူနာ ထားကြပါလိမ့်မယ်။ သင်သည် ဇာတ်နိမ့်ဖြစ်သော်လည်း ရွှေနန်းတော်၌ စိုးစံနေသော မိဖုရားများထက် ပိုမိုတင့်တယ်၍ မြင့်မြတ်သူ ဖြစ်ပေလိမ့်မည်။
ပကတိသည် ဘုရားရှင်၏ အဆုံးအမကို နာယူကာ မိမိအိမ်သို့ ၀မ်းမြောက်ရွှင်လန်းစွာဖြင့် ပြန်သွားလေသည်။

( မေတ္တာသုတ်တော် အာနုဘော် )
သီဟိုဠ်ကျွန်း ( သီရိလင်္ကာ ) ရောဟန ဇနပုဒ်တွင် သီဟဆိုသူ တဦးရှိသည်၊ ရဟန်းလူထွက်ဖြစ်သည်၊ အနုဠာဆိုသူ ပျိုကညာတဦးနှင့် ချစ်ကြိုက်၍ ရဟန်းဘ၀မှ ထွက်လာသူဖြစ်ရာ ယင်းအနုဠာနှင့်ပင် ဖူးစာဆုံကြသည်။ သို့သော် သီဟသည် ရဟန်းလူထွက်ပီပီ အလုပ်ကို ကောင်းစွာမလုပ်၊ လည်ပတ်၍သာ နေသည်၊ မကြာမီ သူတို့တွင် ကလေးတယောက်ရ၍ မယားဖြစ်သူက အလုပ်ရှာရန် ပြောသည်၊ ယောက္ခမများက သူ့အား အလုပ်မရှိ၍ မကြည်ဖြူ၊ ထို့ကြောင့် သူသည် ရောဟနနှင့် အတန်ဝေးသော ကာလဒ္ဓကရွာသို့ အလုပ်လုပ်ရန် ထွက်သွားလေသည်။
သူရွာမှ ထွက်သွားစဉ် ဆရာဘုန်းကြီးဖြစ်သော တိဿမထေရ်မြတ်နှင့် လမ်းတွင်တွေ့သည်၊ လမ်းဘေးတွင် ထိုင်၍ ရှိခိုးကာ ကာလဒ္ဓကရွာသို့ အလုပ်လုပ်ရန် သွားမည့်အကြောင်း လျှောက်ထားသည်၊ တိဿမထေရ်မြတ်က မေတ္တာတရားကို အမြဲပွားပါ၊ မေတ္တာသုတ်ကို နေ့စဉ် ရွတ်ဆိုပါ၊ မေတ္တာသုတ်တော်ကိုလည်း မပြတ် နှလုံးသွင်းပါး-ဟု မှာကြား ဆုံးမတော်မူ၏။
သီဟသည် ကာလဒ္ဓကရွာသို့ တညနှင့် တနေ့ သွားရသည်၊ ရောက်လျှင် ရွာစားကြီးအိမ်၌ ကြံညှစ်သောအလုပ်ကို ရလေသည်။ ထိုအလုပ်ကို တလခန့် ပင်ပန်းစွာ လုပ်ပြီးသော် ငွေကျပ် ငါးဆယ်ခန့် ရလေသည်၊ ထိုငွေကို မယားနှင့် သားထံ ပြန်ပို့ရန် ရွာစားကြီးအား အခွင့်တောင်း၍ ရောဟနသို့ ပြန်ခဲ့လေသည်၊ ထိုနေ့ နေ၀င်ချိန်တွင် လမ်းခရီးရှိ မဟာမြိုင် တောအနီးသို့ရောက်၍ အိပ်စရာရှာသည်၊ ယင်းတောအနီး ရွာတရွာနှင့် ဇရပ်တဆောင်ကို တွေ့၍ အိပ်သင့်-မအိပ်သင့် ချိန်ဆသည်။ ထိုစဉ် ရွာသားတယောက်က စိတ်ချ၍သာ အိပ်ပါ၊ ဤဌာနတွင် လူဆိုး သူဆိုး သူခိုး ဓားပြ မရှိ-ဟု ဆိုသဖြင့် ယင်းဇရပ်တွင်ပင် ပါလာသော အထုပ်ကို ခေါင်းအုံး၍ အိပ်လေ၏။
မအိပ်မီ ဘုရားရှိခိုး၍ မိမိဆရာ တိဿမထေရ်မြတ် မှာကြားဆုံးမတော်မူလိုက်သည့်အတိုင်း မေတ္တာပို့ကာ မေတ္တာသုတ်တော်ကို နှလုံးသွင်း၍ တပုဒ်ချင်း တပုဒ်ချင်း ရွတ်ဆိုပွားများလေသည်။
မေတ္တာသုတ်တော်၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်နှလုံးသွင်းရင်း ခရီးလည်းပင်ပန်းသဖြင့် အိပ်ပျော်သွားလေသည်၊ ထိုစဉ်တွင် ဤအရပ်၌ လူဆိုး သူဆိုး သူခိုး ဓားပြ မရှိပါ-ဟု ပြောသူက သီဟ၌ ငွေကြေးပါလာကြောင်း သိသဖြင့် ညဥ့်နက်လျှင် အဖော်နှစ်ဦးနှင့် အတူ သီဟကိုသတ်၍ ငွေကိုယူရန် ဇရပ်အနီးသို့ ချဉ်းကပ်၍ လာလေ၏။
ထိုသုံးယောက်တို့ ဇရပ်နှင့် မနီးမဝေးသို့ ရောက်၍ ဇရပ်ဆီသို့ ကြည့်လိုက်ရာ စစ်သည်တော် သုံးဆယ်ခန့်သည် ဇရပ်ကို ၀န်းရံ၍ နေသည်ကို တွေ့ရလေ၏၊ ဟယ်-ဇရပ်မှာအိပ်တဲ့ ခရီးသည်ကို အနုရာဓဘုရင်မင်းမြတ်ဆီက လာဖမ်းနေပြီ ထင်ပါရဲ့-ဟု လူဆိုးတို့က ထင်မိသည်၊ တကယ်တော့ သူတို့ အထင်မှားသည်၊ စစ်သည်တော်တို့သည် ဇရပ်ကို ၀န်းရံလျက်ရှိသော်လည်း လမ်းဆီသို့ မျက်နှာလှည့်လျက်ရှိကာ ဇရပ်ပေါ်ရှိလူကို စောင့်ရှောက်ပေးနေကြခြင်းသာ ဖြစ်လေသည်။
အမှန်ကား သီဟ၏ မေတ္တာတန်ခိုး မေတ္တာသုတ်တော်ကို ဆင်ခြင်ပွားများခြင်း၏ အာနုဘော်ကြောင့် ပစ္စည်းယူ လူသတ်သည့် ခိုးသူတို့ဘေးမှ ကင်းဝေးအောင် စောင့်ရှောက်ကြသော နတ်များက အနုရာဓ တပ်မတော်သားများ အသွင်ဖြင့် စောင့်ရှောက်၍ ပေးကြခြင်းသာ ဖြစ်၏။ ထို့ကြောင့်ပင် ခိုးသားဓားပြ သုံးယောက်တို့သည် ဇရပ်အနီးသို့ မကပ်နိုင်ဘဲ ထွက်ပြေးသွားကြလေသတည်း။
( လင်္ကာသာရ ) (ဒေါသကထာ တတိယမောင်းထောင်-၇၅-မှ )
( မြတ်မင်္ဂလာ ၁၉၉၃-ခု ဧပြီလ )

( နောင်တ )
ဗာရာဏသီပြည်တွင် မုဆိုးကြီးတယောက်သည် သိန်းငှက်တကောင်ကို လိမ္မာအောင် မွေးမြူသည်၊ တိုက်ခိုက်နည်း မျိုးစုံတို့ကို သင်ကြားပေးသည်။ ထို့နောက် မုဆိုးကြီးသည် သားငှက်မျိုးစုံတို့ကို သိန်းငှက်ဖြင့် တိုက်ခိုက်ဖမ်းဆီးသည်၊ ရရှိသည့် သားငှက်များကို ရောင်းချစားသောက်သည်။
တနေ့တွင် မုဆိုးကြီးသည် သိန်းငှက်ကို ပုခုံးပေါ်တင်၍ တောနက်အတွင်းသို့ ခရီးထွက်ခဲ့သည်၊ ခရီးပန်းပြီး တောနက်သည်ထက် နက်လာသောအခါ တောနက်ကြီးအတွင်း အစာရေစာ ပြတ်သွားသည်၊ ခရီးလည်း အတော်ပန်းသွားသည်၊ ထို့ကြောင့် မုဆိုးကြီးသည် သစ်ပင်ကြီး တပင်အောက်တွင် ပက်လက်လှန် အိပ်လိုက်သည်။
သစ်ပင်ကြီးပေါ်တွင် ငန်းမြွေကြီးတကောင် ရှိသည်၊ ငန်းမြွေကြီးသည် ပူအိုက်လှသဖြင့် သစ်ပင်ပေါ်တွင် လျှာထုတ်၍ အိပ်မောကျလျက်ရှိသည်၊ ငန်းမြွေကြီး၏လျှာမှ အဆိပ်ရည်များ တစက်စက် ယိုစီးကျလျက်ရှိသည်။ ငန်းမြွေကြီး၏ လျှာမှ အဆိပ်ရည်များမှာ မုဆိုးကြီး၏ ကိုယ်ပေါ်သို့ စီးကျလာသည်၊ မုဆိုးကြီးမှာ ရေငတ်နေသဖြင့် ရေကောင်းအမှတ်ဖြင့် လက်ခုပ်ဖြင့် ခံလိုက်သည်။
သို့သော် အဆိပ်ရည်များ မုဆိုးကြီးလက်သို့ မရောက်၊ အနီးရှိ သိန်းငှက်က တောင်ပံဖြန့်၍ ခံထားလိုက်သည်။ ရေဆာ၍ အစာငတ်နေပြီဖြစ်သော မုဆိုးကြီးသည် ဒေါသ အလွန်ထွက်သွားသည်၊ လဲလျောင်းနေရာမှ ရုတ်တရက် ထလိုက်သည်၊ သိန်းငှက်မှာ မုဆိုးကြီး၏ လက်ထဲသို့ အဆိပ်ရည်များ မရောက်စေရန်သာ တောင်ပံများ ဖြန့်၍ အပေါ်မှ ကာကွယ်ပေးထားသည်။
မုဆိုးကြီးမှာ ဒေါသထွက်လွန်းလှသဖြင့် သိန်းငှက်ကို ခြေနှစ်ချောင်း ဆွဲယူပြီး တချက်တည်း ရိုက်သတ်လိုက်သည်။ သိန်းငှက်သေသောအခါမှ သစ်ပင်ပေါ်မှ ကျနေသည့် အရည်များမှာ အဆိပ်ရည်ဖြစ်ကြောင်း သိရှိသွားသည်။
သိန်းငှက်သည် မုဆိုးကြီး အသက်ဆုံးရှုံးမည်စိုးရိမ်၍ ကာကွယ်ပေးခြင်းဖြစ်သည်၊ မုဆိုးကြီးသည် ရုတ်တရက်ဖြစ်ပေါ်လာသော ဒေါသကြောင့် သိန်းငှက်အလိမ္မာ ဆုံးရှုံးသွားရချေပြီ-ဟု နားလည်လိုက်သည်၊ နောင်တ ရမဆုံး ဖြစ်သွားသည်၊ သို့သော် မုဆိုးကြီး၏ နောင်တသည် ကျေးဇူးသိတတ်သော သိန်းငှက်၏ အသက်ကို ပြန်မရှင်စေနိုင်တော့ချေ။
( စိတြ )
( မြတ်မင်္ဂလာ ၁၉၉၃-ခု မတ်လ )

( အသိဉာဏ်မဲ့သော သူဋ္ဌေးသား )
ရှေးရှေးက အလွန်ကြွယ်ဝချမ်းသာသော သူဋ္ဌေးကြီး ဇနီးမောင်နှံရှိသည်၊ ထိုသူဋ္ဌေးကြီး ဇနီးမောင်နှံတွင်
လွန်စွာ ချောမော လှပသော သားတယောက် ရှိသည်။
သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်အတွက် လိုလေသေးမရှိ အလိုလိုက်ကြသည်။
သူဋ္ဌေးသားငယ် အရွယ်ရောက်လာသောအခါ သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်ကို ချမ်းသာသည့် မိသားစုမှ အမျိုးသမီးတဦးနှင့် လက်ထပ်ပေးသည်၊ ထိုသို့ အိမ်ထောင်ပြုပြီးနောက် သူဋ္ဌေးသား၏ ဇနီးမှ သားတယောက် ဖွားမြင်သည်၊ ထိုသားငယ် မွေးဖွားပြီး ၂-နှစ်ခန့်တွင် သူဋ္ဌေးကြီး ဇနီးမောင်နှံ ရှေ့ဆင့် နောက်ဆက့် ကွယ်လွန်သွားကြသည်။
ဆွေမျိုးများက သူဋ္ဌေးသားသည် ဥစ္စာရှိသော်လည်း ပညာမရှိလျှင် ကဲ့ရဲ့ဖွယ် ဖြစ်နိုင်သည်၊ ဥစ္စာပစ္စည်းများ ဆုံးရှုံးနိုင်သည်၊ ထို့ကြောင့် ပညာသင်ယူလျှင် ကောင်းမည်-ဟု အကြံပြုကြသည်။
သူဋ္ဌေးသားသည် ဆွေမျိုးများ၏ အကြံပေးမှုကို လက်ခံလိုက်ပြီး တက္ကသိုလ်တခုသို့ သွားရောက်၍ ပညာသင်ယူသည်၊ တက္ကသိုလ်၌ ၁၀-နှစ်ခန့်ကြာပြီးနောက် အိမ်သို့ပြန်လာခဲ့ရာ ညဥ့်နက် လူခြေတိတ်ချိန်မှ ရောက်လာသည်၊ သို့သော် သူဋ္ဌေးသားသည် လျှို့ဝှက်တံခါးများကို သိသဖြင့် အိမ်တော်တွင်းသို့ အလွယ်တကူပင် ရောက်ရှိသွားသည်။
သူဋ္ဌေးသားသည် ဇနီးသည်၏ အိပ်ခန်းသို့ ၀င်လာသောအခါ ဇနီးဖြစ်သူကို ခြင်ထောင်အတွင်း၌ ယောက်ျားတဦးနှင့် ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
သူဋ္ဌေးသားသည် ကြာရှည်စွာ စဉ်းစားမနေတော့ဘဲ ဇနီးသည်နှင့် ထိုသူကို ဓားဖြင့် ခုတ်ပိုင်း သတ်လိုက်လေတော့သည်။
နံနက်လင်း၍ အစေခံများ နိုးလာသောအခါကျမှ မိမိ သတ်လိုက်သူများမှာ ဇနီးနှင့်သား ဖြစ်ကြောင်း သိလိုက်ရသည်။
မိခင် ဖက်အိပ်နေသည့် သားငယ်ကို သူဋ္ဌေးသားက လင်ငယ်ဟု ထင်မှတ်မိခြင်းသာ ဖြစ်သည်။ သူဋ္ဌေးသားသည် ပညာ သင်ယူခဲ့သော်လည်း အသိဉာဏ်မဲ့သောကြောင့် ဇနီးနှင့်သားငယ်ကို သတ်မိခြင်းပင်တည်း။
( စိတြ )
( မြတ်မင်္ဂလာ ၁၉၉၃-ခု ဖေဖော်ဝါရီလ )

( စေတနာအကျိုးပေး )
ဗုဒ္ဓမြတ်စွာဘုရားသခင် လက်ထက်တော်က ခိုးသူကြီးတဦးရှိသည်၊ ထိုခိုးသူကြီးသည် သူတပါးဥစ္စာကို ခိုးရုံမက သူတပါး အသက်ကိုလည်း သတ်၏၊ အိုးအိမ်၊ စည်းစိမ်တို့ကိုလည်း ဖျက်ဆီး၏၊ သူ့ဘ၀တလျှောက်လုံးတွင် မှတ်မှတ်ရရ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုဟူ၍ ပင့်ကူငယ် တကောင်၏အသက်ကို ချမ်းသာပေးဖူးခြင်း တခုသာ ရှိခဲ့သည်။
တခါက ထိုခိုးသူကြီးသည် တောလမ်းခရီးတခုကို သွားစဉ် လမ်းပေါ်တွင် ပင့်ကူငယ်တကောင် တွားသွားနေသည်ကို တွေ့ရသည်၊ သူသည် ထိုပင့်ကူငယ်ကို အမှတ်မထင် နင်းမိမည်ပြုသည်၊ ထိုစဉ် သူသည် ရုတ်တရက် ပင့်ကူငယ်ကို သနားစိတ် ၀င်လာမိသည်၊ ထို့ကြောင့် သူသည်
ငါ-နင်းသတ်လိုက်ရင် ဘာမှ အပြစ်မရှိတဲ့ ပင့်ကူကလေး သေရတော့မယ်၊ သူ့လို ဘာမှအပြစ်မရှိတဲ့ သူကို
ငါ ဒုက္ခမပေးသင့်ဘူး-ဟု အသိတရားဖြင့် ပင့်ကူငယ်ကို အသက်ချမ်းသာပေးလိုက်သည်။
ထိုခိုးသူကြီး သေလွန်သောအခါ သူမသေမီက ပြုခဲ့သော အကုသိုလ်တရားများ၏ အကျိုးဆက်ကြောင့် ငရဲသို့ ကျရောက်သွားသည်၊ သူသည် အခြားသော ငရဲသားများနှင့်အတူ ဒုက္ခအမျိုးမျိုးကို ခံစားနေရသည်။
ထိုစဉ် မြတ်စွာဘုရားသည် ငရဲသို့ရောက်နေသော ခိုးသူကြီးကို မြင်တော်မူသည်၊ ဘုရားရှင်သည် ထိုခိုးသူကြီးအား ကယ်တင်လို၍ သူ့တွင် ကုသိုလ်ကောင်းမှု တခုခု ရှိသလော-ဟု တန်ခိုးတော်ဖြင့် ကြည့်တော်မူသည်၊ ထိုအခါ ခိုးသူကြီးသည် လူ့ပြည်တွင် ရှိစဉ်က ပင့်ကူငယ်တကောင်၏ အသက်ကို ချမ်းသာပေးခဲ့ပုံကို မြင်တော်မူသည်၊ ထို့ကြောင့် သူ၏ ကုသိုလ်ကောင်းမှုကို အကြောင်းပြုပြီး သူ့အား ကယ်တင်ရန် ကြံသည်၊ ကံအားလျော်စွာပင် အနီးအနား၌ ပင့်ကူအိမ် ရက်လုပ်နေသော ပင့်ကူတကောင်ကို မြင်သည်၊ ဘုရားရှင်သည် ပင့်ကူမျှင်တခုကို သူ၏တန်ခိုးတော်ဖြင့် ခိုးသူကြီးရှိရာ ငရဲဘုံသို့တိုင်အောင် ကျရောက်စေသည်။
ခိုးသူကြီးသည် ပင့်ကူမျှင်ကလေး ကျလာသည်ကို မြင်လျှင် ၀မ်းသာအားရ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အပေါ်သို့တွယ်တက်သည်၊ တဖြည်းဖြည်း အပေါ်သို့ ရောက်ခါနီးလာသည်၊ ထိုစဉ် သူတွယ်တက်ခဲ့သော ပင့်ကူမျှင်ကြိုးမှာ လေးလံလာသည့်အတွက် အောက်သို့ ငုံ့ကြည့်လိုက်သည်၊ ငရဲဘုံမှ ငရဲသား မြောက်မြားစွာတို့သည် သူ့နည်းတူပင် ပင့်ကူမျှင်ကြိုးကို တွယ်တက်လာကြသည်ကို တွေ့ရသည်။
ဤအခြင်းအရာကို မြင်ရသောအခါ သူသည် အံ့သြခြင်း၊ ကြောက်လန့်ခြင်းတို့ဖြင့် တကိုယ်လုံး တဆတ်ဆတ် တုန်လာသည်၊ ဤသူများ တက်လာလျှင် ပင့်ကူမျှင်ကြိုးလေးမှာ သူတို့၏ အလေးချိန်ဒဏ်ကို မခံနိုင်တော့ဘဲ ပြတ်ကျသွားမည်၊ သို့ဆိုလျှင် သူတို့နှင့်အတူ သူပါရော၍ ငရဲဘုံသို့ ပြန်ကျရပေတော့မည်-ဟုလည်း တွေးမိလာသည်၊ ထို့ကြောင့် သူသည် နောက်မှတက်လာသူများအား ဟေ့-လူတွေ၊ ကြိုးကို တွယ်မတက်ကြနဲ့၊ ဒီကြိုးက ငါ့ကြိုး၊ မင်းတို့နဲ့ မဆိုင်ဘူး၊ အောက်ကို မြန်မြန်ပြန်ဆင်းကြ-ဟု တကိုယ်ကောင်းဆန်စွာ အော်ပြောလိုက်သည်။
ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် ပင့်ကူမျှင်ကြိုးကလေးသည် ရုတ်တရက် ပြတ်ကျသွားတော့သည်၊ ခိုးသူကြီးလည်း ကျန်ငရဲသားများနဲ့အတူ ငရဲဘုံသို့ ပြန်ကျသွားလေတော့သည်၊ သူ့စေတနာသည်ပင် သူ့ကို အကျိုးပေးခြင်း ဖြစ်သည်၊ ဘုရားရှင်သည် မကယ်တင်နိုင်တော့ပေ။
( ခင်ရီဝင်း )
( မြတ်မင်္ဂလာ ၁၉၉၃-ခု ဇန်န၀ါရီလ )

( ကျေးဇူးသစ္စာကို စောင့်သိခြင်း၏
အကျိုး )
ရှေးအခါက တိုင်းပြည်တပြည်တွင် ပညာရှိပုရောဟိတ် အမတ်ကြီးတဦး ရှိသည်၊ တခါသော် ထိုပုရောဟိတ်နှင့် ရှင်ဘုရင်တို့ တခုသောပြဿနာအတွက် သဘောကွဲလွဲကြ၏၊
မင်းကြီးကလဲ ငါ-ဘုရင်ပဲ ဟု မင်းမာန်ဖြင့် အလျှော့မပေးချေ၊
ပုရောဟိတ်ကလည်း ငါ ပြောတာအမှန်ပဲ၊ သူလဲ ကောင်းဖို့၊ နိုင်ငံလဲ ကောင်းဖို့ ပြောတာပဲ-ဟု အလျှော့မပေးချေ၊
ဘုရင်က ရာဇမုန်ပွားကာ ပုရောဟိတ်အမတ်ကြီးကို ရာထူးမှ ချ၊ အဆောင်အယောင်များကို သိမ်း၊ ပင်ကိုယ်က ပါလာတဲ့ ပစ္စည်းလောက်နှင့် မြို့ပြင်မှာနေစေ-ဟု အမိန့်တော် ချလိုက်သည်။
ပုရောဟိတ်ကြီးသည် မြို့ပြင်မှာ တဲထိုး၍ ဆင်းရဲစွာ နေရသော်လည်း မိမိ၏၀တ္တရားကို မပျက်ကွက်စေဘဲ ညစဉ် ကောင်းကင်နက္ခတ်တို့ကို ကြည့်ရှုလေ့ရှိပေသည်၊ ထိုစဉ် ရှင်ဘုရင်ဖြစ်သူက ဆင်ခြင်မိသည်မှာ- ငါမေးတိုင်း လက်အောက်မှူးမတ်များ၊ မင်းချင်းများက တိုင်းပြည်သာယာပါတယ်၊ မုဒိန်း ဒန္တ-စသည်တို့ ကင်းရှင်းပါတယ်-လို့ လျှောက်တင်ကြတယ်၊ ယင်းတိုပပြောတဲ့အတိုင်း မှန်-မမှန် သိရအောင် ငါကိုယ်တိုင်ထွက်၍ စုံစမ်းမည်-ဟု ကြံစည်မိ၏။
သို့ဖြင့် ညအခါ တဦးတည်း ရုပ်ဖျက်ကာ လက်နက်ကိုင်၍ လမ်းကြိုလမ်းကြား သွားနေလေသည်၊ ထိုသို့သွားလာနေစဉ် မိမိနှင့် မျက်နှာချင်းဆိုင်မှလာကြသော လူတစုနှင့် တွေ့မိရာ ထိုလူများက
ဟေး---ရှေ့ကလာတာ ဘယ်သူလဲ-ဟု မေး၏၊ မင်းကြီးက ကျွန်တော် ညလူပါ-ဟုဖြေ၏၊
သူခိုးများက တယောက်တည်းလား၊ အများနဲ့လား-ဟု မေးရာ
မင်းကြီးက မခိုးတတ် ခိုးတတ်ဆိုတော့ တယောက်တည်းပါပဲ-ဟု ဖြေပြီးလျှင်
ဆရာတို့လက်ခံရင် တပည့်အဖြစ် လိုက်လိုပါတယ်-ဟု ပြော၏၊
သူခိုးအုပ်စုက လက်ခံသဖြင့် လိုက်သွားရ၏၊
မြို့ပြင်ရှိ ပုရောဟိတ်ဟောင်း၏ တဲအနီး သစ်ပင်အောက်တွင် အချိန်ကို ငံ့လင့်ကာ စောင့်ဆိုင်းနေကြသည်။
ထိုစဉ် ပုရောဟိတ်ဟောင်း အမတ်ကြီးလည်း တဲမှထွက်ကာ ကောင်းကင်နက္ခတ်ကို ကြည့်ပြီးလျှင် သူ၏ဇနီးအား ဤသို့ပြော၏။ ရှင်မရေ၊ ငါတို့ဘုရင်ဟာ ခိုးသူတွေ လက်ထဲ ရောက်နေခဲ့တယ်၊ သို့ပေမဲ့ စိုးရိမ်စရာမရှိပါ၊ သုံးနာရီအကြာမှာ ခိုးသူတွေလက်ထဲက လွတ်မှာပဲ-ဟု ပြော၏၊ ထိုအခါ ဇနီးက ရှင်ဟာ အမှတ်သည်းခြေ မရှိဘူး၊ ရှင်ဘုရင်က ရာထူးချထားလို့ ကျွန်မတိုပ မြို့ပြင်မှာ တဲပုတ်နဲ့ နေနေရတယ်၊ အခု ရှင်ပြောတဲ့စကား မင်းကြီးနား ရောက်သွားရင် ရှင်တော့ အသတ်ခံရတော့မှာပဲ-ဟု ပြောရာ ပုရောဟိတ်ဟောင်းက ရှင်မရယ်-ဒီလိုမပြောပါနဲ့၊ ခုလို ဆင်းရဲစွာနေရတာ ဘ၀ ဘ၀က ပြုခဲ့တဲ့ မကောင်းမှုကံကြောင့်ပါ၊ မင်းကြီးရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမယ်၊ တို့ကို မသတ်ဘဲထားတာကို များစွာ ကျေးဇူးတင်ရမယ်၊ မင်းကြီးရဲ့ ဘုန်းရိပ် ကံရိပ်ကြောင့် တို့ဆင်းရဲပေမယ့် အေးအေးချမ်းချမ်း နေရတယ်၊ ဒါကြောင့် မင်းကြီးအပေါ် သစ္စာရှိရမယ်-ဟု ပြော၏။
ဘုရင်ကြီးလည်း ထိုစကားများကို ကြားသိရလျှင် ငါ-ပုရောဟိတ်ကြီးကို ရာထူးချမိတာ မှားသွားလေပြီ-ဟု သတိသံဝေဂရ၍ စိတ်မချမ်းမသာ ဖြစ်မိသည်။ အချိန်ကျလျှင် ခိုးသူတို့လည်း တိုက်တတိုက်ကို ၀င်ရောက်ခိုးယူကြ၍ ဝေစုခွဲကာအသီးသီး မိမိတို့လိုရာ သွားကြ၏၊ ဘုရင်ကြီးလည်း ထိုက်တန်သည့်ဝေစုရကာ နန်းတော်သို့ ပြန်လာခဲ့၏။ နောက်တနေ့ ညီလာခံသဘင်၌ မင်းကြီးက အသစ်ခန့်ထားသော ပုရောဟိတ်အား ညက နက္ခတ်တာရာများကို ကြည့်ပါရဲ့လား-ဟု မေး၏၊ ပုရောဟိတ်အသစ်က ညက နက္ခတ်တာရာများကို ကြည့်ပါတယ်၊ တိုင်းပြည် ၀ပြောသာယာပြီး မင်းကြီးလဲ ဘုန်းတန်ခိုး တိုးတက်ပါလိမ့်မယ်-ဟု လျှောက်ထား၏။
မင်းကြီးက ပုရောဟိတ်အသစ် လျှောက်တင်ချက်ကို မှတ်ထားလိုက်၏၊ ထို့နောက် မင်းချင်းတယောက်ကို စေလွှတ်၍ မြို့ပြင်မှ ပုရောဟိတ်ဟောင်းကို ခေါ်စေ၏။ ပုရောဟိတ်ဟောင်း၏ ဇနီးက မင်းကြီးထံမှ အခေါ်လွှတ်ကြောင်းသိရသော် ၄င်း၏ခင်ပွန်းအား ကျွန်မမပြောဘူးလား၊ ရှင် ညကပြောတာကြောင့် မင်းပြစ် မင်းဒဏ် သင့်တော့မယ်-ဟု ငိုယိုပြောဆို၏၊ ထိုအခါ ပုရောဟိတ်ကြီးက ရှင်မရယ် အခေါ်လွှတ်ရုံနှင့် မင်းပြစ်မင်းဒဏ် သင့်ရမှာလား၊ ကျုပ်ကို ဒဏ်ခတ်ချင်ရင် လက်မရွ့အာဏာသားတွေနဲ့ ခေါ်မှာ၊ မပူပါနဲ့-ဟု ပြော၍ နန်းတော်သို့ လိုက်သွားလေ၏။
မင်းကြီးက ညက ကောင်းကင်နက္ခတ်များ ကြည်မိသလား၊ ဘယ်လိုနိမိတ်များ မြင်ပါသလဲ-ဟု မေးရာ ပုရောဟိတ်ဟောင်းက ညက ကောင်းကင်နက္ခတ်များကို ကြည့်ပါတယ်၊ မင်းကြီးဟာ ခိုးသူများလက်ထဲကို ခေတ္တမျှ ကျရောက်နေတာကို တွေ့ရပါတယ်၊ သို့ပေမယ့် သုံးနာရီခန့်ကြာရှိတော့ ခိုးသူများထံမှ လွတ်မြောက်ခဲ့ပါတယ်-ဟု လျှောက်တင်၏။ ထိုအခါ မင်းကြီးက ပုရောဟိတ်ဟောင်း ပြောတာနဲ့ ညက ငါကိုယ်တိုင်ဖြစ်ခဲ့တာ တထပ်တည်းပဲ၊ အံကိုက်ပဲ ပုရောဟိတ်ဟောင်းကြီးက ငါ့အပေါ်မှာ သစ္စာရှိတယ်၊ ကျေးဇူးတရားကို သိတတ်တယ်၊ ပြုနေကျဝတ္တရားကို မပျက်မကွက်ပြုပေတယ်-ဟု ပြောဆိုပြီးလျှင် လိမ်လည်ပြောဆိုသည့် ပုရောဟိတ်အသစ်ကို ရာထူးမှချ၍ ပုရောဟိတ်အဟောင်းအား ရာထူးဌာနန္တရ စည်းစိမ်ဥစ္စာတို့ကို ပြန်လည်ပေးအပ်ပြီး ချီးမြောက်လေသည်။
(အကိုး။ နာနာဆန္ဒဇာတ်တော်ကို မှီးပါသည်)
( တက္ကသိုလ်ခေမာ-ကျိုက်လတ် )
********************************************************************************
( မတူညီသော ခံစားချက်များ )
ကိုဖိုးသောင်းကြီး လေဖြတ်သွားလို့တဲ့တော့
ဟဲ့ ဘယ်ကိုဖိုးသောင်းလဲ၊ အရှေ့ပိုင်းက ဖိုးသောင်းလား၊ အနောက်ပိုင်းက ဖိုးသောင်းလား၊
အရှေ့ပိုင်းက ငှက်ထောင်မုဆိုး ကို ဖိုးသောင်းလေ၊ မနေ့က လေဖြတ်သွားတာတဲ့၊ ခြေထောက်ရော လက်တွေပါ ကွေးကောက်ပြီး လှုပ်လို့မရတော့ဘူးတဲ့။
အေးဟယ်၊ သနားစရာ၊ အင်း-ကာလ၀ိပါက် နောက်ပိုးတက်ပြီ ထင်ပါရဲ့၊
နေပါဦး ကြီးဒေါ်စိန်ရဲ့၊ ဘာရယ် ကာလ၀ိပါက် နောက်ပိုးတက် ဟုတ်လား၊
အေးပေါ့အေ၊ ဖိုးသောင်းက ငှက်တွေထောင်ဖမ်းပြီး စီပွားရှာနေတာမို့လား၊ ငှက်တွေ အများကြီးမိတဲ့နေ့ဆို တယောက်တည်း မနိုင်မနင်းဆိုတော့ မပျံနိုင်အောင် အတောင်တွေချိုး၊ ခြေတွေချိုးပြီး ထားတယ်မို့လား၊ အခုလဲ သူ့ခြေထောက်တွေ ချိုးထားသလို ကွေးကောက်ပြီး မလှုပ်နိုင်တာနေမှာပေါ့၊ အင်း-ဒုက္ခ ဒုက္ခ၊
ဝဋ်တွေများ ကြောက်စရာ တယ်ကောင်း၊ ဘ၀မခြားဘဲ ခံစားရတယ်၊ တို့များတော့ ကြောက်တယ်ဟေ့၊ ဒါကြောင့် ဒီဘ၀မှာ ငယ်ငယ်လေးထဲက သူများအသက်ကို မသတ်ရဲဘူး၊ သူများကို နာကျင်အောင် မလုပ်ခဲ့ဖူးဘူး။
ဒါကြောင့်ထင်တယ်နော်၊ ကြီးဒေါ်စိန်က အသက်ကြီးနေပေမယ့် သန်သန်မြန်မြန် ဖြစ်နေတုန်းပဲ၊ ရောဂါလဲ ကြီးကြီးကျယ်ကျယ် မရှိဘူး၊
အေးပေါ-အေးပုံရယ်၊ ဒါလဲ ပါမှာပေါ့၊
အင်း ဒီနေ့ထိတော့ ကျန်းမာနေပါသေးတယ်၊ မနက်ဖြန်တော့ မပြောတတ်ဘူးပေါ့ကွယ်၊
အင်း-ညနေစောင်း အေးပုံအားရင် တို့ဖိုးသောင်းကို သွားပြီး မေးကြရအောင်ကွယ်၊ သနားစရာပါ၊
အသက်ကဖြင့် ဘာရှိသေးတုန်း၊ အလွန်ဆုံးရှိမှ လေးဆယ့်ငါး၊ ငါးဆယ်ပေါ့။
ဟုတ်ကဲ့ပါ-ကြီးဒေါ်စိန်၊ ညနေ ကျွန်မအားပါတယ်၊ သွားကြတာပေါ့နော်၊
ညနေပိုင်းတွင် ကြီးဒေါ်စိန်နှင့် အေးပုံတို့ နှစ်ယောက် ရွာအရှေ့ပိုင်းရှိ ကိုဖိုးသောင်း၏ အိမ်သို့ လူနာမေး သွားကြသည်။ ကိုဖိုးသောင်းကတော့ ခုတင်ပေါ်တွင် ပက်လက်၊ စကားမပြောနိုင်၊ ၀ူးဝူးဝါးဝါးနှင့်သာ အော်နေသည်၊
ကိုဖိုးသောင်း၏ လူမမည်အရွယ် ကလေးများမှာလည်း သူ့တဲလေးထဲတွင် ဟိုတယောက် ဒီတယောက်၊ မိန်းမဖြစ်သူ မတုတ်ကတော့ သူ့ဘေးနားမှာထိုင်ပြီး စိတ်ဓာတ်ကျနေပုံရသည်၊ ဒေါ်စိန်တို့ကိုမြင်တော့-
သြော်-ဒေါ်ကြီးစိန် လာလာ၊ ထိုင်ပါ၊ ကိုဖိုးသောင်း အဖြစ်ကတော့ ဒါပါပဲတော်၊ ဒီနေ့ပါဆို နှစ်ရက်ရှိပြီ။
ဟဲ့-ဘယ်လိုဖြစ်တာလဲ မတုတ်ရဲ့၊ ဖိုးသောင်းက မာမာချာချာ သန်သန်မြန်မြန်ကြီးပဲ၊
ဟုတ်တယ် ဒေါ်ကြီးစိန်ရေ၊ ဟိုနေ့ညက အိုက်တယ်ဆိုပြီး အင်္ကျီချွတ်အိပ်တယ်၊ လေက တဟူးဟူးတိုက်နေတဲ့ အိမ်ရှေ့ကွပ်ပျစ်မှာ အိပ်တယ်လေ။ သန်းခေါင်ကျော်လောက်တော့ ဒီလိုဖြစ်သွားတာပဲ၊ ကျုပ် သူ့ကို ပြောပါသေးတယ်၊ မရဘူး၊ အပူဒဏ်မခံနိုင်ဘူးတဲ့လေ၊ ခုတော့ ကြည့်ပါဦး။
ထိုစဉ် ကိုဖိုးသောင်း သူ့မိန်းမကို စကားပြောချင်ပုံရသည်၊ ၀ူးဝူးဝါးဝါးအော်နေသည်၊ သွးရည်တွေကလည်း တများများ ကျနေ၏၊ ကိုဖိုးသောင်းအဖြစ်က မကြည့်ရက်စရာ၊
ကြီးဒေါ်စိန်က မျက်နှာလွှဲကာ အိမ်အတွင်းသို့ ဟိုဟိုဒီဒီ မျက်လုံးရောက်သွား၏၊ မီးဖိုပေါ်ရှိ ကျပ်ခိုးစင်ပေါ်တွင် အသားကင်၊ အသားခြောက် အချို့ကို တွေ့ရသည်။
ဟို တစို့ထိုးထားတဲ့ အကင်တွေက ဘာတွေတုန်း မတုတ်ရဲ့၊ သြော်-ကြီးဒေါ်စိန် ဒါလေ လမိုက်ရက်တုန်းက ကိုဖိုးသောင်း ငှက်တွေ အများကြီးရလာလို့ တချို့လဲရောင်း၊ တချို့လဲ ကင်ထားတာ၊ တခါတည်း ရောင်းမကုန်လို့လေ။
ဟင်-ဟုတ်လား၊ ငှက်အရှင်လေးတွေရော ကျန်သေးလား မတုတ်၊
ဟုတ်ကဲ့-အတောင် မချိုးရသေးတဲ့ ငှက်အငယ်လေးတွေတော့ ကျန်သေးတယ်၊
ကြီးဒေါ်စိန် လိုချင်လို့လား။
အေးကွယ်-ကြီးဒေါ်စိန် လိုချင်လို့ ဘယ်နှစ်ကောင်လောက် ရှိလဲဟင်၊ သိပ်တော့ များများ မရှိပါဘူး၊
ငါးကောင်ပဲ ရှိတော့တယ်၊ ရေဘဲလေးတွေလေ၊ ကြီးဒေါ်ယူရင် လျှော့ပေးပါ့မယ်၊
အေး-အေး လှောင်ချိုင့်လေးနဲ့လား၊
မဟုတ်ဘူး ကြီးဒေါ်ရဲ့၊ ခြေထောက်တွေ ကြိုးနဲ့ချည်ထားတာ၊ ငါးကောင် တခါတည်း တွဲပေးလိုက်မယ်၊ စားဖို့ဆိုရင်တော့ ကျုပ်တခါတည်း ကိုင်ပေးလိုက်မယ်လေ။
အို-အို နေပါစေ၊ မလိုပါဘူးကွယ်၊ ကြီးဒေါ်စိန် ဘာသာဟိုကျမှ လုပ်ခိုင်းပါ့မယ်၊ ပြပါဦး၊ အကောင်လေးတွေ ကြည့်ရအောင်၊ မတုတ်က အိမ်နောက်ဖေးရှိ ပုတ်ခြင်းကြီးထဲမှ ရေဘဲအငယ် ငါးကောင်ကို ကြိုးချည်းလျက်သား ထုတ်ပေးသည်။ ငါးကောင် တထောင်ပဲ ပေးခဲ့ပါတော်၊ ကြီးဒေါ်စိန်ဆိုတော့ လျှော့ပေးရမှာပေါ့။
အေး-အေး-ရော့ ဒီမှာပိုက်ဆံ၊
ကြီးဒေါ်စိန်က အတွင်းခံအင်္ကျီအိတ်ကပ်ထဲမှ ငွေတထောင်ကျပ်တန်ကို ထုတ်ပေးလိုက်သည်၊
ပြီးမှ သတိရဟန်နှင့်-
သြော်-မေ့နေလို့ပါအေ၊ ရော့ ရော့ နှစ်ရာ၊ ဖိုးသောင်းအတွက် ဓာတ်စာဖိုး၊ ဆေးဖိုးပေါ့အေ၊ တို့များလဲ မချမ်းသာလို့ များများ မကူညီနိုင်ဘူး။
ကျေးဇူးပါပဲ ကြီးဒေါ်စိန်ရယ်၊ ဆေးဖိုးကတော့ အတော်ကုန်မှာ၊ မနက်က ရွာနောက်ပိုင်းက ဒေါ်မြကြီး လာပြီး နှိပ်သွားတယ်၊ ထူးမခြားနားပါပဲတော်။
ညရော-အိပ်ရရဲ့လားဟဲ့။
ဘယ်အိပ်နိုင်မလဲ၊ ကြီးဒေါ်စိန်ရယ်၊ အော်နေတာပဲ၊ ကျုပ်လဲ စိတ်ပျက်တယ်၊ လူမမာရှိတော့ အလုပ်လဲ သွားပြီးမလုပ်ရ၊ ငွေလဲ မရှာနိုင်၊ ကလေးတွေကလဲ များတော့ ဒုက္ခရောက်တယ်။
အေးပေါ့ကွယ်၊ ဒီလိုပေါ့၊ ဒုက္ခဆိုတာ လူတိုင်းမှာ အနည်းနှင့်အများ ရှိကြတာပေါ့၊ တတ်နိုင်သမျှတော့ ပြုစုကုသ ပေါ့အေ၊ ကဲ ကဲ တို့သွားဦးမယ်၊
ဟုတ်ကဲ့ ဟုတ်ကဲ့
ဒေါ်စိန်နှင့် အေးပုံ စိတ်မကောင်းစွာနဲ့ အိပ်ရာပေါ်က ဖိုးသောင်းကို တချက်ကြည့်ပြီး ထွက်လာကြသည်၊ ဒေါ်စိန်နှင့် အေးပုံတို့ နှစ်ယောက်သား ရေဘဲလေးများကို တယုတယပွေ့ပြီး ယူလာကြသည်၊ အိမ်ရောက်တော့ တကောင်ချင်း ကြိုးဖြေ၍ ဒဏ်ရာရနေသောနေရာသို့ နနွင်းသိပ်ပေးပြီး ပျံနိုင်သောရေဘဲလေးများကို လွှတ်ပေးလိုက်သည်။
ကောင်းကင်ယံသို့ လွတ်လပ်စွာ ပျံတက်သွားသော ရေဘဲငှက်လေးများကို ကြည့်ရင်း မိမိကုသိုလ်အတွက် ကြည်နူးနေသော ဒေါ်စိန်နှင့် အိပ်ရာထဲတွင် မလှုပ်နိုင် မယှက်နိုင်ဘဲ ခံစားနေရသော ကိုဖိုးသောင်းတို့၏ ခံစားချက်တို့ကား မည်မျှခြားနားလေစွတကား-ဟု အေးပုံ တွေးနေမိသည်။
ငှက်များစွာရလေ့ရှိသော လကွယ်ည သန်းခေါင်တွင် ကိုဖိုးသောင်း ကွယ်လွန်သည်၊ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုလျှင် ကိုဖိုးသောင်း ကောင်းရာသုဂတိ လားပါစေ-ဟု လူတိုင်း ဆုတောင်းပေးမည်သာ။
သို့သော် သို့သော် - - - - ။
( ချယ်ရီ-ရွှေခြံ )
( မြတ်မင်္ဂလာ ၂၀၀၁-နိုဝင်ဘာ )

ပုံပြင်
( ၁၀ )
( ထူးခြားသော စကားလက်ဆောင် )
အခါတပါး၌ မြို့တမြို့တွင် ကုဋေကြွယ် ကုံလုံကြွယ်ဝချမ်းသာသော သူဌေးကြီးတဦးရှိ၏။ တနေ့သောအခါ ထိုသူဋ္ဌေးကြီး နေသောမြို့သို့ ရသေ့တပါးကြွလာသည်။ ရတနာသုံးပါး ရိုသေဆည်းကပ်သူ သူဋ္ဌေးကြီးသည် ထိုသတင်းကိုကြားလျှင်ကြားချင်း ရသေ့ဆရာကြီးအား မိမိနေအိမ်သို့ ပင့်ဖိတ်ပြီး ဆွမ်းကပ်သည်။ ဆွမ်းဘုဉ်းပေးပြီး၍ ရသေ့ကြီး ပြန်ကြွမည်အပြုတွင် ကုန်သည်သူဋ္ဌေးကြီးက ရသေ့ကြီးအား
အရှင်ရသေ့၊ ပြန်မကြွမီ တပည့်တော်အား တန်ဖိုးရှိသော အဆုံးအမသြ၀ါဒ စကားလေးများ ပြောကြားတော်မူပါ-ဟု ပန်ကြားသည်။
ရသေ့ကြီးက-သူဋ္ဌေးမင်း၊ နောက်တပတ် ဒီလိုအချိန်တွင် ကျွန်ုပ်ကို စောင့်ပါ၊ ထိုအခါ သင်လိုချင်သော တရားအဆုံးအမစကားကို ကျွန်ုပ်မြွက်ကြားမည်။ ယခုသော် ကျွန်ုပ်အတွက် ခရီးဆက်ရန် တာဝန်ရှိ၍ ခွင့်ပြုပေဦးလော့-ဟု ဆိုကာ ကြွသွားလေသည်။
ထိုနေ့မှစ၍ သူဋ္ဌေးကြီးလည်း ရသေ့ကြီး မှာကြားသည့်ရက်ကို လက်ချိုးရေတွက်၍ စောင့်၏၊ တပတ်ကြာသော် ရသေ့ကြီးသည် သူဋ္ဌေးကြီးအိမ်သို့ ဆိုက်ရောက်လာသည်၊ သူဋ္ဌေးကြီးလည်း ကောင်းမွန်သော ချိုချဉ်ခဲဘွယ် ဘောဇဉ်များ လောင်းလှူရန် အထူးစီစဉ်ထားသည်။
ရသေ့ကြီးကြွလာသော် ဆွမ်းလောင်းရန် သပိတ်ကို ဖွင့်လိုက်၏၊ ထိုအခါ ရသေ့ကြီး၏ သပိတ်ထဲတွင် နွားချေးခြောက်များ၊ အမှိုက်သရိုက်များနှင့် ရှုပ်ထွေး ညစ်ပေနေသည်ကို တွေ့ရ၏။ သူဋ္ဌေးကြီးက ရွံရှာလျက်-
ရှင်ရသေ့၊ သပိတ်ထဲမှာ အမှိုက်သရိုက်နဲ့ အညစ်အကြေးများ ပြည့်နှက်နေလို့ပါလား-ဟု ဆို၏။
ထိုအခါ ရသေ့ဆရာကြီးက-သူဋ္ဌေးကြီး၊ သင့်ရဲ့ ဆန္ဒအရ လောင်းလှူစရာရှိတာကိုသာ လောင်းလှူပါ၊ ကျန်သည့်အရေးအတွက် သင်မှာ တာဝန်မပိုသင့်ပါ-ဟု ဆို၏။
သူဋ္ဌေးကြီးက အို-ဒီလိုအညစ်အကြေးတွေနဲ့ ပြည့်နက်နေတဲ့ သပိတ်ထဲကို တပည့်တော် အလွန်ကောင်းမွန်သော ဆွမ်းခဲဘွယ်တွေ လောင်းလှူလိုက်လျှင် အညစ်အကြေးတွေ ဖြစ်သွားမှာပေါ့၊ အရှင်ဘုရား သပိတ်တော်ကို ဆေးကြောသုတ်သင်ပြီးမှ တပည့်တော်ရဲ့ ဆွမ်းခဲဘွယ်ကို လောင်းလှူပါရစေ-ဟု ဆို၏။ ထို့နောက် ရသေ့ဆရာကြီး၏ သပိတ်ကို ရေဖြင့်စင်ကြယ်စွာ ဆေးပြီး ဆွမ်းခဲဘွယ် ချိုချဉ်များကို လောင်းလှူလိုက်သည်။
သူဋ္ဌေးကြီး ဆွမ်းလောင်းလှူပြီးသောအခါ ရသေ့သည် သူ၏သပိတ်ကိုပိုက်ကာ ကြွသွားမည်ပြု၏။
သူဋ္ဌေးကြီးက အရှင်ရသေ့ကြီး၊ ဟိုတခါက ဆိုခဲ့သောစကားကို မေ့လျော့နေပြီ ထင်ပါတယ်၊ တပည့်တော်ကို အဆုံးအမစကား ပြောမယ်ဆိုလို့ တပည့်တော်စောင့်နေတာ တပတ်တိတိ ရှိနေပါပြီ-ဟု ဆို၏။
သြော်-ဒါများလား၊ သင့်ကို ကျွန်ုပ်ပေးခဲ့တဲ့ စကား အဆုံးအမလက်ဆောင် မရသေးဘူးလား၊ ကျွန်ုပ် သင်လိုချင်တဲ့ အဆုံးအမ စကားလက်ဆောင်ကို မကြာသေးခင်သောအချိန်ကပဲ ပေးခဲ့ပြီးပါပြီ၊ အသင် သတိမမူ၍ ဂူမမြင်ခြင်းသာ ဖြစ်ပါလိမ့်မယ်။
ကျွန်ုပ်ရဲ့ သပိတ်မှာ အညစ်အကြေး အမှိုက်သရိုက်တွေရှိလို့ ကောင်းမွန်တဲ့ ဆွမ်းခဲဘွယ်များကို သင်မလောင်းခဲ့ဘူး မဟုတ်လား။ ဒီလိုပဲ သင့်ရဲ့အတွင်းစိတ်မှာ လောဘ၊ ဒေါသ၊ မောဟ မာန်မာနတွေ ပြည့်လျှံနေတယ်၊ ဒါတွေကို အရင် စင်ကြယ်အောင်လုပ်ပါ၊ ဒါမှ သင်-ကောင်းကျိုးတွေ ရလိမ့်မယ်။
ဤသို့ဆိုကာ ရသေ့ကြီး ထွက်ခွါသွားပါတော့သည်။ ထိုအခါမှ သူဋ္ဌေးကြီးသည် ရသေ့ကြီး၏ အဆုံးအမကို ကောင်းစွာနားလည်သဘောပေါက်သွားသည်၊ ရသေ့ကြီးအား များစွာ ကြည်ညိုလေးစားသွားလေသည်။
( ဟံသူရစော ) ( ဗောဓကထာကို ပြန်ဆိုသည် )
( မြတ်မင်္ဂလာ ၂၀၀၀-ခု ဧပြီလ )

ပုံပြင် ( ၉ )
( လူစင်စစ်က
မျောက်ဖြစ်သူ )
ဘုန်းတော်ကြီးတပါးထံတွင် ရာဟုလာအမည်ရှိသော သာမဏေငယ် တပါး ပညာသင်ကြားနေ၏။ ရှင်ရာဟုလာ၏ မိဘနှစ်ပါးတို့သည် ဘုန်းတော်ကြီးနှင့် အကျွန်းဝင်နေကြသည်၊ ဘုန်းတော်ကြီးသည် ရှင်ရာဟုလာကို အကြောင်းပြု၍ မိဘမှားနှင့် တစထက်တစ ရင်းနှီးလာ၏၊ ယုံကြည်စိတ်ချလာ၏၊
တနေ့တွင်ဘုန်းတော်ကြီးက ရာဟုလာ၏ မိဘများအား ရွှေထည်ပစ္စည်းများ ထုပ်ထားသည့် အထုပ်တထုပ်ကို အပ်နှံထား၏။ ဤသို့ဖြင့် ကာလအတန်ကြာမြင့်ခဲ့သည်၊ ရာဟုလာ၏ မိဘများလည်း ဘုန်းတော်ကြီးနှင့် ယခင်ကထက် တိုး၍ပင် ရင်းနှီးကျွမ်းဝင်လာကြသည်။
တနေ့တွင် ဘုန်းတော်ကြီးက သုံးစွဲရန်ကိစ္စ ပေါ်ပေါက်လာသည်၊ ထို့ကြောင့် ရာဟုလာ၏ မိဘများအိမ်သို့ သွားပြီး မိမိ၏ရွှေထုပ်ကို ပြန်လည်ရရှိလိုကြောင်း ပြောကြားသည်။ ရာဟုလာ၏ မိဘတို့သည် ဘုန်းတော်ကြီး အပ်နှံထားသော ရွှေထည်ပစ္စည်းများ အစား ကြေးနီပစ္စည်းများဖြင့် လဲလှယ်လိုက်သည်၊ ထို့နောက် ဘုန်းတော်ကြီးအား အထုပ်ကို ပြန်ပေးလိုက်သည်။
ဘုန်းတော်ကြီးသည် ကျောင်းသို့ရောက်၍ မိမိအထုပ်ကို ဖြေလိုက်သောအခါ ရွှေကို မတွေ့ရဘဲ ကြေးနီ ပစ္စည်းများကိုသာ တွေ့ရသည်။ ဘုန်းတော်ကြီးက ချက်ချင်းပင် ရာဟုလာ၏ မိဘများထံ သွားပြီး မိမိ၏ရွှေထည်ပစ္စည်းများကို တောင်းသည်၊ ရာဟုလာ၏ မိဘများက တရားစွဲလိုက စွဲနိုင်ပါတယ်၊ တပည့်တော်တို့ကတော့ အရှင်ဘုရား အပ်နှံထားတဲ့အတိုင်း ပြန်ပေးလိုက်တာပါပဲဘုရား-ဟု လိမ်ညာ လျှောက်တင်ကြသည်။
ဘုန်းတော်ကြီးသည် အကြံတခုပေါ်လာ၏၊ မျောက်တကောင်ကို ရအောင်ရှာ၍ ရာဟုလာ-ဟု ခေါ်လိုက်လျှင် လာစေရန် သင်ကြားပေးသည်။
ထို့နောက် ဘုန်းတော်ကြီးသည် တပည့်ရှင်ရာဟုလာကို တနေရာ၌၀ှက်ထားပြီး မိဘများအား အခေါ်လွှတ်လိုက်၏၊ မိဘများရောက်လျှင် ရာဟုလာ-ဟု ဘုန်းတော်ကြီးက ခေါ်လိုက်၏၊ ထိုအခါ သင်ကြားထားသည့် မျောက်က ပြေးထွက်လာ၏၊ ဘုန်းတော်ကြီးနားတွင် ပွတ်သီးပွတ်သပ် လုပ်နေ၏၊ မိဘများက-
အရှင်ဘုရား တပည့်တော်တို့၏သား ရာဟုလာ ဘယ်မှာလဲဘုရား-ဟု မေးလျှောက်၏၊ ဘုန်းတော်ကြီးက ဒကာတို့၏သား ရာဟုလာသည် မျောက်ဖြစ်သွားပြီ၊ ဤမျောက်သည် သင်တို့သားပင်တည်း-ဟု မိန့်လိုက်လေ၏။
အရှင်ဘုရား တပည့်တော်တို့ရဲ့သား ရာဟုလာဟာ လူစင်စစ်ဖြစ်ပါတယ်ဘုရား၊ မျောက်မဟုတ်ပါ ဘုရား။
ဒကာတို့ဆီမှာ ဘုန်းကြီးအပ်နှံခဲ့တဲ့ ရွှေတွေဟာ ကြေးနီဖြစ်သွားတယ်၊ အဲသည်လိုပဲ ဒကာတို့ရဲ့သားကလည်း လူစင်စစ်က မျောက်ဖြစ်သွားပြီ။
ဤသို့ဖြင့် ဆရာနှင့်ဒကာ အငြင်းအခုံ ဖြစ်ကြပြီး တရားသူကြီးထံ အဆုံးအဖြတ်ခံယူရန် သွားကြသည်။
ထိုအခါ တရားသူကြီးက အမှုသွား အမှုလာကို အပြန်အလှန် စစ်ဆေးမေးမြန်းပြီး အောက်ပါစီရင်ချက်ကို ချမှတ်လိုက်သည်။
လူသည် မျောက်မဖြစ်နိုင်၊ လူ ပြန်ဖြစ်စေ။
ရွှေသည် ကြေးနီမဖြစ်နိုင်၊ ရွှေပြန်ဖြစ်စေ။
ထို့ကြောင့် ဘုန်းတော်ကြီးသည် ၀ှက်ထားသော ရာဟုလာကို မိဘများအား အပ်နှံလိုက်သည်၊ ရာဟုလာ၏ မိဘများကလည်း ဘုန်းတော်ကြီး၏ ရွှေထည်ပစ္စည်းများကို ပြန်လည် ပေးအပ်လိုက်ရလေတော့သည်။
( မနုဓမ္မသတ် ) စိတြ
( မြတ်မင်္ဂလာ ၁၉၉၂-ခု ဒီဇင်ဘာလ )

Labels:
ပုံပြင်
Thursday, February 12, 2009
ပုံပြင် ( ၈ )
( ကျေးလိမ္မာ
)
ဘုရင်တပါးသည် မြစ်အတွင်း ရေချိုးနေစဉ် ကာရံထားသော ပိုက်ကွန်၌ သရက်သီးတလုံး ငြိကပ်လာသည်။ ဘုရင်သည် သရက်သီးကို အလွန်စားလိုသည်။ သို့သော် အမှည့်လွန်နေ၍ မစားဖြစ်ချေ။ မိမိမွေးမြူထားသည့် ကျေးလိမ္မာ တကောင်အား သရက်သီးကိုပြ၍ အရှာလွတ်လိုက်သည်။ ကျေးလိမ္မာသည် သရက်သီးအကြောင်း စုံစမ်းလျက် ဘီလူးစောင့်သည့် သရက်ပင်သို့ ရောက်သွားသည်။
ကျေးလိမ္မာက သရက်ပင်စောင့် ဘီလူးအား သရက်သီးရလိုကြောင်း ပြောသည်။ ဘီလူးက ဝေဿ၀ဏ်နတ်မင်းကြီးအား ဆက်သရသည့် သရက်သီးများဖြစ်၍ မပေးနိုင်ကြောင်း ပြောသည်။
ထိုအခါ ကျေးသားက ဝေဿ၀ဏ်နတ်မင်းကြီး၏ ဆရာ ရှိ-မရှိမေးသည်။ ဘီလူးက ဈာန်ရရသေ့ကြီးသည်
၎င်း၏ ဆရာဖြစ်ကြောင်း ပြောပြသည်။
ကျေးလိမ္မာသည် ဈာန်ရရသေ့ထံ ချဉ်းကပ်လျက် အကျိုးအကြောင်း လျှောက်သည်။ ရသေ့ကြီး နှစ်သက်သဘေကျသဖြင့် ဝေဿ၀ဏ်နတ်မင်းကြီးလှူသော သရက်သီးနှစ်လုံး အနက် တလုံးကို ချီးမြှင့်လိုက်သည်။
ကျေးလိမ္မာသည် သရက်သီးကို လည်တွင်ဆွဲ၍ နန်းတော်သို့ ပြန်လာရာ ခရီးဝေးလှသဖြင့် ဘုရင်လက်သို့အရောက်တွင် သရက်သီးမှာ ပုပ်ပြီး အစေ့သာလျှင် ကျန်တော့သည်။
ဘုရင်က သရက်စေ့ကိုယူ၍ ( မိမိ စားသုံးထိုက်သည် မှန်ပါက ၇-ရက်အတွင်း အပင်ပေါက်စေသတည်း )-ဟု အဓိဋ္ဌာန်၍ စိုက်သည်။ သရက်သီးသည် အဓိဋ္ဌာန်အတိုင်း ၇-ရက်အတွင်း အပင်ပေါက်လာ၏။
ထိုအပင်မှ သရက်သီးမှည့်လျှင် ဥယျာဉ်မှူး အဘိုးအိုအား နံနက် ပွဲတော်မီ ဆက်သရန် အမိန့်ပေး၏။
အဘိုးအိုသည် သရက်သီးမှည့်သည်နှင့် ခူးဆွတ်ထား၏။ ထိုညတွင် အဆိပ်ပြင်းသည့် မြွေတကောင်သည် သရက်သီးမှည့်နံ့ရ၍ သရက်သီးကိုငုံ၍ စုပ်သွားသည်။ မြွေဆိပ်များသည် သရက်သီးအတွင်း ပျံ့နှံ့သွားသည်။
အဘိုးအိုသည် ထိုအကြောင်းကို မသိသောကြောင့် နံနက်လင်းသော် ဘုရင်အား ဆက်သလိုက်သည်။ ဘုရင်က ချက်ချင်း မသုံးဆောင်သေးဘဲ သေဒဏ်စီရင်ချက် ချခံထားသူ တဦးအား အနည်းငယ် စားသုံးစေရာ စားပြီးမကြာမီ ထိုနေရာ၌ပင်သေဆုံးသွား၏။
ရှင်ဘုရင်သည် သရက်သီးမှာ အဆိပ်ဖြစ်နေသည်-ဟု မှတ်ထင်ကာ အရှက်ရ ဒေါသ ထွက်သွားသည်။ ထို့ကြောင့် ကျေးလိမ္မာ၏ လည်ပင်းကို ကွမ်းညှပ်ဖြင့် ကိုက်ဖြတ် သတ်လိုက်သည်။ ထို့ပြင် သရက်ပင်ကိုလည်း အဆိပ်ပင်ဖြစ်ကြောင်း ကြေညာထားသည်။
တနေ့တွင် ဥယျာဉ်မှူး အဘိုးအို လင်မယား ရန်ဖြစ်ကြသည်။ အဘိုးအိုက စိတ်ဆိုးပြီး အဆိပ်သီးစား၍ သေတော့မည်ဆိုကာ သရက်သီးကို ဆွတ်ခူးကာ တလုံးကုန်အောင် စားလိုက်၏။ သို့သော် အဘိုးအိုသည် မသေရုံမျှမက အရွယ် ပြန်လည်နုပျိုလာ၏။
ထို့ကြောင့် ဥယျာဉ်မှူးအဘိုးအဘွားတို့က ဘုရင့်ထံ အကျိုးအကြောင်း လျှောက်ထားကြသည်။ ဘုရင်နှင့်တကွ နန်းတွင်းသူ နန်းတွင်းသားများ သရက်သီးကို စားသုံးကြရာ အားလုံးပင် နုပျိုလာကြသည်။
သို့သော်လည်း ဘုရင်သည် သရက်သီး ယူဆောင်လာသည့် ကျေးလိမ္မာအား ဒေါသကြောင့် သတ်ခဲ့မိပြီးဖြစ်၏။ ထို့ကြောင့် ဘုရင်မှာ မဆင်မခြင် လုပ်မိလေခြင်းဟု နောင်တရ ပူပန်မဆုံး ဖြစ်ရလေ၏။
( စိတြ )
( မြတ်မင်္ဂလာ ၁၉၉၂-ခု နိုဝင်ဘာလ )

Tuesday, February 10, 2009
ပုံပြင် ( ၇ )
( ဓမ္မစကြာ
မယ်ဟေမာ )
သီရိလင်္ကာကျွန်း အနုရာဓမြို့တွင် ဟေမာအမည်ရှိ အမျိုးသမီးတဦး ရှိသည်။ မဟေမာသည် လှပ တင့်တယ်၍ ဉာဏ်ပညာ ထက်မြက်၏။
တနေ့သောအခါ ဖခင်နှင့်အတူ ဘုန်းတော်ကြီးကျောင်းသို့ သွား၍ တရားနာကြသည်။ သံဃာတော်အရှင်မြတ်တို့က ဓမ္မစကြာတရားတော်ကို ဟောကြားကြသည်။
မဟေမာသည် ဉာဏ်ပညာထက်မြက်သူဖြစ်၍ ဓမ္မစကြာ တရားတော်ကို ပုဒ်ပါဌ်အက္ခရာ မှန်ကန်စွာ ရွတ်ဆိုနိုင်ခဲ့သည်။ တရားတော်၏ နက်နဲသိမ်မွေ့သည့် သဘောတရားကိုလည်း နက်ရှိုင်းစွာ သဘောပေါက်သွားသည်။
တနေ့တွင် မဟာတိတ္တရွာမှ ကုန်သည်လုလင်ပျို တဦးသည် အနုရာဓမြို့သို့ ရောက်ရှိလာပြီး ကုန်ပစ္စည်းများကို မြိ့အတွင်း လှည့်လည်ရောင်းချသည်။ ထိုစဉ် ကုန်သည်လုလင်ပျိုသည် မဟေမာအိမ် အနီး ရောက်ရှိသွားပြီး မဟေမာကို မြင်ရစဉ်တွင် ဘ၀ဟောင်းမှ ရေစက်ကြောင့် ချစ်ခင်စွဲလမ်းသွားသည်။
ထို့ကြောင့် မဟေမာနှင့် အဆွေခင်ပွန်း ဖွဲ့သည်။ ရင်းနှီးကျွမ်းဝင်မှု ရှိလာသောအခါ မဟေမာအိမ်မှာပင် နေထိုင်ခဲ့သည်။ သို့သော် ကုန်သည် လုလင်ပျိုသည် မဟေမာ၏ မိဘများကို ပန်ကြားပြောဆို၍ မဟာတိတ္တရွာသို့ ခေတ္တပြန်သွားသည်။
မဟာတိတ္တရွာသို့ ရောက်ရှိပြီးနောက် ကုန်သည် လုလင်ပျိုသည် မဟေမာအား လွမ်းဆွတ်လှသော်လည်း ကုန်ရောင်းကုန်ဝယ်ကိစ္စ မပြီးပြတ်သောကြောင့် ရက်ပေါင်းအတော်ကြာ မပြန်ဖြစ်ချေ။
မဟောမာသည် ကုန်သည်လုလင်ပျို ပြန်လာနိုးဖြင့် စောင့်မျှော်နေခဲ့သည်။ အတွင်းဆွေး ဆွေးလျက် စိတ်ပူပင်သောက ရောက်နေခဲ့ရသည်။
တညဥ့်တွင် မဟေမာသည် ကုန်သည်လုလင်ပျို နောက်သို့ လိုက်ရန် တယောက်တည်း တိတ်တဆိတ် ထွက်လာခဲ့သည်။ ကုန်းပေါ်မှ သွားနေရလျှင် တော်တော်နှင့် ရောက်မည်မဟုတ်။ သမုဒ္ဒရာကို လက်ပစ်ကူးပြီး အမြန်ရောက်အောင်သွားမည်-ဟု ကြံမိသည်။
ထိုသို့ ကြံပြီးနောက် မဟေမာသည် ဆံပင်ကို မြဲမြံစွာထုံး၍ အ၀တ်များကို တင်းကျပ်အောင် ၀တ်လိုက်ပြီး သမုဒ္ဒရာအတွင်းသို့ ဆင်းကာ လက်ပစ်ကူးတော့သည်။
သမုဒ္ဒရာအလယ်သို့ တဖြည်းဖြည်း ရောက်ရှိသွားသောအခါ မဟေမာကို နဂါးမင်းက မြင်တွေ့သွားသည်။ သမုဒ္ဒရာကို လက်ပစ်ကူးနေသော အမျိုးသမီးကို မြင်ရသဖြင့် မဟေမာအား ဟဲ့-သူငယ်မ၊ လှိုင်းတံပိုးတွေ ထနေတဲ့ သမုဒ္ဒရာကြီးကို မျက်စိစုံမှိတ်ပြီး ကူးနေတာ မကြောက်ဘူးလား။ နင် ဘယ်သူလဲ-ဟု မေးပြန်သည်။
ထိုအခါ မဟေမာ-က အို-နဂါးမင်း၊ ကျွန်တော်မသည် ချစ်သူအတွက် အသက်ကိုစွန့်ပြီး လက်ပစ်ကူးလာသူ ဖြစ်ပါတယ်။ ချစ်တဲ့သူနဲ့ အတူမနေရလျှင် သေရတာနဲ့ အတူတူပါပဲ-ဟု ဖြေကြားသည်။
ထိုစကားကို နဂါးမင်းကြားလျှင် အို-သူငယ်မ၊ အချစ်အတွက်နဲ့ အသက်ကို မဆုံးရှုံးစေသင့်ဘူး၊ သီရိလင်္ကာကျွန်းမှာ နေကြတဲ့သူတွေဟာ အများအားဖြင့် ဘုရားရဲ့ တရားတော်တွေကို နှလုံးသွင်းကြတယ်လို့ သိရတယ်။ သင်ကော တရားတော်ကို သိမှ သိရဲ့လား-ဟု မေးမြန်းသည်။
မဟေမာ-က မိမိနေ့စဉ် နှလုံးသွင်းလျက်ရှိသည့် ဓမ္မစကြာတရားတော်ကို အကျယ်ဝေဖန် နားလည်သိရှိကြောင်း ပြန်လည်ဖြေကြားလိုက်သည်။ ထိုအခါ နဂါးမင်းသည် သမုဒ္ဒရာအတွင်း ရတနာမဏ္ဍပ်ကြီးတခု ဖန်ဆင်းပေးပြီး မဟေမာအား ဓမ္မစကြာတရားကို ဟောကြားရန် လက်အုပ်ချီ တောင်းပန်သည်။
မဟေမာသည် နဂါးမင်းအား ဓမ္မစကြာတရားတော်ကို မှတ်သားလေ့လာထားသည့်အတိုင်း အစမှအဆုံးတိုင် ဟောကြားသည်။ နဂါးမင်းသည် ဓမ္မစကြာတရားတော်ကို နာကြားရသဖြင့် အတိုင်းမသိ ၀မ်းမြောက်သွားသည်။ ထို့ကြောင့် မဟေမာအား လက်ဆောင်အဖြစ် အလိုရှိတိုင်း ရစေနိုင်သည့် ပတ္တမြားရတနာကို ပေးအပ်လိုက်သည်။
ထို့ပြင် မဟေမာကိုလည်း မဟာတိတ္တရွာရှိ ကုန်သည်လုလင်ပျို၏ အိမ်အရောက် ညတွင်းချင်း ပို့ဆောင်ပေးလိုက်သည်။
နံနက်လင်းလျှင် ရွာသူရွာသားတို့သည် မဟေမာအား မြင်သွားကြသည်။ အချိန်အခါမဟုတ် ရောက်ရှိလာသည့်အတွက် စူးစမ်းကြသည်၊ မဟေမာက ဖြစ်ကြောင်းကုန်စင် ပြောပြသော်လည်း မည်သူမျှ မယုံကြပေ။
ထို့ကြောင့် မနာလိုသူများသည် အနုရာဓမြို့တော်ရှိ မင်းထံသို့ သွားရောက် သံတော်ဦးတင်ကြသည်။ မင်းကြီးသည် မဟေမာအား ရှေ့တော်သို့ သွင်းစေသည်။ ပတ္တမြားရတနာကို မင်းချင်းတို့အား ယူခိုင်းသည်။ ထိုသို့ယူသောအခါ ပတ္တမြားရတနာသည် ကျောက်ခဲတုံးကြီးကဲ့သို့ ဖြစ်သွားသည်။ မဟေမာ၏ လက်ထဲ ပြန်ထည့်သောအခါ မူလအတိုင်း ပတ္တမြားဖြစ်ပြန်သည်၊ ဤသို့  သုံးကြိမ်တိတိ ဖြစ်နေသဖြင့် ဘုရင်ကြီးလည်း အံ့အားသင့်သွားသည်။
မဟေမာက အဖြစ်မှန်ကို မခြွင်းမချန် လျှောက်တင်လိုက်သည်။ ဘုရင်ကြီးသည် လွန်စွာနှစ်သက် အားရတော်မူသဖြင့် မဟေမာအား အသပြာတထောင် ချီးမြှင့်သည်။ မဟာတိတ္တရွာကိုလည်း အပိုင်စား ပေးသနားလိုက်သည်။ ထိုအချိန်မှစ၍ -- ဓမ္မစကြာ မယ်ဟေမာ-ဟူသော အမည်ထူးကိုလည်း ရရှိလိုက်သည်။
( မဓုရ ရသ၀ါဟိနီ-၄၁)
( စိတြ )
( မြတ်မင်္ဂလာ ၁၉၉၂-ခု အောက်တိုဘာလ )

Monday, February 9, 2009
ပုံပြင် ( ၆ )
( ပိယောလ
မုဆိုး )
ပိယောလ-သည် သီဟိုဠ် (သီရိလင်္ကာ)ကျွန်း၊ မဟာဂါမပြည်၊ ရောဟဏဇနပုဒ်တွင် ထင်ရှားသည့် မုဆိုးကြီးဖြစ်သည်။ သူ့အသက်မပါဘဲ စားလေ့မရှိချေ။
တနေ့တွင် ပိယောလသည် သားကောင်တကောင်မျှ မရရှိသဖြင့် အိမ်သို့ စိတ်ပျက်လက်ပျက် ပြန်လာခဲ့သည်။
အိမ်ရှိ နွားငယ်တကောင်ကို သတ်ရန် ကြံစည်လျက်ရှိသည်။ ထို့ကြောင့် မြက်စည်းကို ပြ၍ နွားငယ်ကို မြူခေါ်သည်။
နွားငယ်က မြက်စည်းကို စားမည်ပြုစဉ် နွားငယ်၏လျှာကို အသင့်ယူထားသည့် ဓားဖြင့် ဖြတ်လိုက်သည်။ နွားငယ်ကား ပါးစပ်တခုလုံး သွေးခြင်းခြင်းနီရဲလျက် ရှိသည်။ ပိယောလမှာ နွားငယ်၏ ခုန်ဆွခုန်ဆွ ဖြစ်နေပုံကို ကြည့်၍ သဘောတွေ့နေသည်။ နွားငယ်၏ လျှာကို မီးမှာကင်၍ စားပစ်လိုက်သည်။
ထိုညက တညလုံး ပိယောလ အိပ်မပျော်၊ တူဖြင့် အထုခံရသလိုလို စူးချွန်ဖြင့် အထိုးခံရသလိုလို ဝေဒနာခံစားနေရသည်။ တညလုံး အော်ဟစ် ညည်းညူနေရသည်။
မနက်လင်းသည်နှင့် ပိယောလ ဆောက်တည်ရာမဲ့ ဖြစ်နေသည်။ ရောဟဏဇနပုဒ်ရှိ တိဿမဟာဝိဟာရ ကျောင်းတိုက်သို့ သွား၍ မထေရ်ကြီးထံ ကယ်မ,သနားရန် လျှောက်ထားသည်၊ မထေရ်ကြီးက-
ဒကာ မုဆိုး၊ သားကျွေးမှု မယားကျွေးမှုတွေအတွက် သူ့အသက်သတ်ခြင်းစတဲ့ မကောင်းမှုတွေကို ကျူးလွန်ရင် ငရဲခံရမှာပဲ၊ ဘယ်သူမှ ကိုယ့်အတွက် လာခံလို့ရမှာ မဟုတ်ဘူး-ဟု မိန့်တော်မူသည်။
ထို့နောက် ဘုရားရှင် ဟောတော်မုခဲ့သော ဒေ၀ဒူတသုတ္တန် တရားတော်ကို မုဆိုးကြီးအား အကျယ်ဟောပြတော်မူသည်၊ ပိယောလသည် ထိုသုတ္တန်ကို နာကြားပြီးနောက် လွန်စွာထိတ်လန့် တုန်လှုပ်သွားသည်။ ထို့ကြောင့်-
အရှင်ဘုရား၊ ယနေ့မှစ၍ သူ့အသက် မသတ်တော့ပါဘုရား-ဟူ၍ ၀န်ခံကတိပြုပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်လျှင်
မုဆိုး အသုံးအဆောင်များ အားလုံး လွှင့်ပစ်လိုက်သည်။
တနေ့တွင် ပိယောလသည် အဖော်များနှင့်အတူ သမုဒ္ဒရာကမ်းခြေ၌ ရေချိုးနေကြသည်။ သမုဒ္ဒရာအတွင်းရှိ ရေနဂါး တကောင်က ပိယောလအား တကိုယ်လုံးရစ်ပတ်ပြီး ညှစ်သတ်ရန် ကြိုးစားသည်။ ပိယောလသည် နဂါးဘေးမှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းထွက်သော်လည်း မရဘဲ ဖြစ်နေသည်။
ထိုစဉ် တိဿမဟာဝိဟာရ မထေရ်မြတ်၏ ဒေ၀ဒူတသုတ္တန် တရားတော်ကို သတိရပြီး-
ဒေ၀ဒူတသုတ္တန်သည် ဘုရားရှင်၏ နှုတ်ကပါဌ်တော်အစစ်အမှန် ဖြစ်ပါသည်။ ဘုရားသားတော် သံဃာတော်များသည်လည်း ထိုသုတ္တန်ကို ဟောပြတော်မူကြပါသည်။ ထိုရတနာသုံးပါး ဂုဏ်ကျေးဇူးတော်ကြောင့် ကျွန်ုပ်အား အသက်အန္တရာယ် မဖြစ်ပါစေသတည်း-ဟု စိတ်ထဲမှ သစ္စာပြုလိုက်၏။ ငါ မသေနိုင်-ဟုလည်း စိတ်ကို အားတင်းထားလိုက်၏။
ထိုအခါ နဂါးမင်းသည် ပိယောလအား အကြိမ်ကြိမ် အထပ်ထပ် ရစ်ပတ်ဖျစ်ညှစ်သတ်သော်လည်း ပြေလျှော၍သာ နေ၏။ မဖြစ်ဘူး မကြုံဘူး ထူးဆန်းနေသဖြင့် နဂါးမင်းက ပိယောလမအား နဂါးပြည်သို့ ခေါ်ဆောင်သွား၏။
နဂါးပြည်သို့ ရောက်လျှင် နဂါးမင်းက-
အမောင်လုလင်၊ သင် ကျွန်ုပ်သတ်မှာကို ဘာကြောင့် မကြောက်သလဲ၊ သင့်မှာ ဘာ အဆောင်များ ထားရှိသလဲ-ဟု မေးသည်။ ပိယောလက-
အို နဂါးမင်း၊ မြတ်စွာဘုရား ဟောကြားထားတဲ့ မကြောက်-တရားတော်ကို ကျွန်ုပ်နာကြားဖူးလို့ မကြောက်ခြင်းဖြစ်ပါတယ်။ ဒီတရားတော်ဟာ ကျွန်ုပ်ရဲ့ အဆောင် ၀ရဇိန် လက်နက်ပါပဲ-ဟု ပြန်ဖြေလိုက်သည်။
ထိုအခါ နဂါးမင်းက-
သေရမည်ကို မကြောက်သော တရား နာကြားလိုပါသည်-ဟု တောင်းပန်သဖြင့် ဒေ၀ဒူတသုတ္တန်ကို ထပ်မံ ဟောပြလိုက်သည်။ နဂါးမင်းက ကျေးဇူးတင် ၀မ်းမြောက် ကြည်ညိုလှသဖြင့် ဣစ္ဆာသယ ပတ္တမြားတလုံးကို ပိယောလအား လက်ဆောင်ပေးသည်။ အိမ်သို့လည်း ပြန်ပို့ပေသည်။
ပိယောလသည် ထိုပတ္တမြားကို အမှီပြု၍ သား မယားနှင့်တကွ အေးချမ်းစွာ နေထိုင် စားသောက်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်၍ နေသည်။
မကြာမီ ပိယောလသည် ပတ္တမြားရတနာကို သားမယားတို့အား လွှဲအပ်လိုက်သည်။ တိဿမဟာဝိဟာရ ကျောင်းတိုက်သို့ သွား၍ ပိယောလ ရဟန်းပြုသည်။ ထိုကျောင်း၌ ဒေ၀ဒူတသုတ္တန်ကို ထပ်မံနာကြား၍ ၀ိပဿနာရှုပွားရာ ရဟန္တာဖြစ်တော်မူသည်။
မဟာဂါမ နေပြည်တော်၌ ပိယောလ၏ သတင်း တမုဟုတ်ချင်း လွင့်သွားသည်။ မုဆိုးကြီးအဖြစ် လူသိများခဲ့သည့် ပိယောလသည် ယခုအခါ ရဟန်းဘ၀ဖြင့် တရားရှုမှတ်၍ ရဟန္တာဖြစ်သွားသည့်အခါ အထုးအဆန်းဖြစ်ရလေသည်။ မယုံတ၀က် ယုံတ၀က်ဖြင့် သတင်းအတိအကျသိရန် စုံစမ်းကြသည်။ နောက်ဆုံးတွင် ပိယောလ၏ သတင်းမှန်ကို သိသွားကြသည်။
ဒီလောက်တောင် သူ့အသား မစားရ မနေနိုင် ကြမ်းကြုတ်ခက်ထန် ရက်စက်ယုတ်မာလှတဲ့ မုဆိုးကြီးတောင်မှ ရဟန္တာဖြစ်သွားသတဲ့။ အံ့စရာပဲ၊ တရားတော်ဟာ တကယ်လုပ်ရင် အဟုတ်ဖြစ်ပါကလား-ဟု ဆိုကာ နေရာများစွာတို့၌ ပြောဆိုချီးကျူး အံ့သြနေကြတော့သည်။
ပိယောလမထေရ်ကို အကြောင်းပြု၍ များစွာသော သူတို့သည်လည်း ကုသိုလ်ကောင်းမှု ကြိုးစားပြုလျက် တရားဘာဝနာ အားထုတ်ကာ နေလေသတည်း။ ( မဓုရ ရသ၀ါဟိနီ-၄၀ )
( နန်းပွင့်စံ )
( မြတ်မင်္ဂလာ-၁၉၉၂-ခု စက်တင်ဘာလ )

Sunday, February 1, 2009
ပုံပြင် ( ၅ )
( စိတ်ထားဖြူစင်
မြင့်မြတ်လျှင် )
သိကြားမင်းကြီးတွင် ချစ်မငြီးသည့် သမီးတော် လေးပါး ရှိလေသည်၊ အာသာ, သဒ္ဓါ, သီရိ, ဟီရိ တို့ဖြစ်ကြသည်၊
သမီးတော် လေးပါးစလုံး အလွန်လှပကြသည်၊ တနေ့တွင် အနောတတ်အိုင်၌ ရေကစားကြပြီး ဆေးဒန်းမြင်းသီလာ ကျောက်ဖျာထက်၌ လေးယောက် အတူတကွ အနားယူနေကြသည်၊ ထိုအခါ နာရဒရသေ့ တပါးသည် ပင်လယ်ကသစ်ပန်းပွင့်ကြီးကို ထီးသဖွယ် ဆောင်း၍ မိမိနေရာ လိုဏ်ဂူသို့ ဈာန်ဖြင့် ပျံကြွလာလေသည်၊ နတ်သမီးလေးပါးတို့ အနားယူနေရာ ကျောက်ဖျာထိပ်သို့ ရောက်လာသည်။
ပင်လယ်ကသစ်ပွင့်၏ နီရဲနေသောအရောင်မှာ လင်းထိန်လျက်ရှိသည်၊ မွှေးရနံ့မှာလည်း ယူဇနာတရာ တိုင်အောင် မွှေးပျံ့လျက်ရှိသည်၊ နတ်သမီးလေးပါးတို့ ထိုပင်လယ်ကသစ်ပွင့်ကြီးကို မြင်လေသော် သူလိုချင်သည်၊ ငါလိုချင်သည်နှင့် အလုအယက် တောင်းကြလေသည်၊ ထိုအခါ ရှင်ရသေ့က သင်တို့အထဲမှ မြင့်မြတ်သောသူ ယူပါ၊ မည်သူ မြတ်သည်ကို မျက်စိတထောင် အလင်းဆောင်သော ဘခင်သိကြားမင်းကြီးထံ သွားမေးကြပါ-ဟု ဆိုလေသည်၊ ရှင်ရသေ့၏ စကားကို ကြားသည်နှင့် နတ်သမီးလေးပါးတို့သည် ချက်ချင်းပင် သိကြားမင်းကြီးထံ သွားမေးကြလေသည်။
သိကြားမင်းကြီးကလည်း မိမိ၏သမီးချည်းသာ ဖြစ်သောကြောင့် မည်သူကို မြတ်သည်-ဟု ပြောလိုက်လျှင် ကျန်သမီးသုံးယောက် ရှက်သွားမည်စိုးသဖြင့် မပြောချင်ပါ၊ ငါကဲ့သို့ တရားတတ်သူ၊ သီလစောင့်သူ၊ ကောသိယ ရသေ့မြတ်သည် ဟိမ၀န္တာ၌ ရှိပါသည်၊ မည်သူမြတ်ကြောင်း အဆုံးအဖြတ်ပြုရန် ကောသိယ ရသေ့ထံ သွားမေးပါ-ဟု ဆိုလေသည်၊ ထိုကောသိယ ရသေ့၏ အကျင့်ဓလေ့ကား သူ့ထံ ရောက်လာသူတို့ အနက်မှ မြင့်မြတ်သူကို ရွေးချယ်၍ မိမိ၏စားဦးကို ကျွေးလေ့ရှိသည်၊ ထို့ကြောင့် အနံ့အရသာနှင့် ပြည့်စုံသော စားဖွယ်တို့ကို ငါယခု ပို့လိုက်ပါမည်၊ မယ်တို့သွား၍ တောင်းကြပါလော့၊ ရှေးဦးဆုံး စားဦးကို ရသောသူကို တရားသဖြင့် ရသောကြောင့် ကျန်သုံးယောက်က မငြူစူကြပါနဲ့-ဟူ၍ ဘခင် သိကြားမင်းကြီးက ရှေးဦးကတည်းကပင် ပြောကြားထားပါသည်။
ထိုအခါ သိကြားမင်းကြီးသည် နတ်သမီးလေးပါးတို့ကို သိန္ဓောမြင်းတထောင် မောင်းနှင်သော နတ်ရထားပျံဖြင့် နတ်သား မာတလိကို ဦးစီးစေပြီး ကောသိယ ရသေ့ထံ နတ်သုဒ္ဓါဆွမ်းကို လှူရန် စေလွှတ်လိုက်လေသည်၊ ရသေ့ထံ ရောက်သောအခါ နတ်စမီးလေးပါးတို့တွင် သီရိနတ်သမီးမှာ အရှေ့ဘက်တွင်တိုင်လျက်၊ တောင်ဘက်တွင် အာသာ၊ အနောက်ဘက်တွင် သဒ္ဓါ၊ မြောက်ဘက်တွင် ဟီရ၊ အစဉ်အလိုက် နေရာယူကြလေသည်၊ ပြီးမှ ရှင်ရသေ့ထံ နတ်သြဇာကို ကျွေးပါရန် တောင်းခံကြလေသည်။
ထိုအခါ ကောသိယ ရသေ့သည် နတ်သမီးလေးပါးတို့၏ အမည် အသီးသီးကို မေးလေသည်၊ မကောင်းမှု ပြုလုပ်ရာတွင် ရှက်ခြင်းဟု အဓိပ္ပါယ်ရသော နတ်သမီးအငယ်ဆုံး ဟီရိ-သည် အမည်နှင့် လိုက်ဖက်အောင် အရှက်စောင့်သဖြင့် ရသေ့၏ စားဦးနတ်သုဒ္ဓါကို ရလေသည်။
မကောင်းမှု ပြုလုပ်ရာတွင် ရှက်ခြင်းသည် ဟီရိ-မည်၏၊ မကောင်းမှု ပြုလုပ်ရာတွင် ကြောက်ခြင်းသည် သြတ္တပ္ပမည်၏၊ ထို့ကြောင့် လောက၌ လူတို့သည် မကောင်းမှု ပြုလုပ်ရန် ရှက်ခြင်း၊ ကြောက်ခြင်း၊ ဟီရိ၊ သြတ္တပ္ပ တရားတို့နှင့် ပြည့်စုံရန် လိုအပ်ပါသည်၊ သို့မှသာ စိတ်နှလုံးထား လှပ၍ စိတ်ထားဖြူစင် မြင့်မြတ်သူ၊ ကိုယ်ကျင့်တရား ကောင်းမွန်သူများအဖြစ် လောကအလယ်တွင် တင့်တယ်နိုင်ပေမည်။ ( သံဝရပျို့ ပိုဒ်ရေ ၇၇-မှ ၈၂ ကို မှီးပါသည် )
( ခင်ဆန်းဦး )
( မြတ်မင်္ဂလာ ၁၉၉၁-မေလ )

Tuesday, January 13, 2009
ပုံပြင် ( ၄ )
( ၀ီရိယရှိမှ
နတ်ကောင်းမ )
တခါက တောင်သူကြီးတယောက်သည် မိမိလုပ်ကိုင်နေသော လယ်မြေမှ အသီးအနှံများ ကောင်းမွန်စွာ ထွက်ရှိစေရန်အတွက် မိမိလယ်မြေ ခြံစည်းရိုးအနီးတွင်ရှိသော သစ်ပင်ကြီးတပင်မှ ရုက္ခစိုးနတ်မင်းကြီးအား ကိုးစားသမှုပြု၍ တိုင်တည်ဆုတောင်းလေ့ရှိသည်၊ တောင်သူကြီးက - အရှင် ရုက္ခစိုးနတ်မင်း၊ ကျွန်ုပ်၏ လယ်ယာခင်းမှ ကောက်ပဲ သီးနှံတို့ များပြားထွက်ရှိအောင် စောင်မတော်မူပါ-ဟူ၍ နေ့စဉ်ဆုတောင်းလေ့ရှိသည်၊ သို့ရာတွင် မိမိလုပ်ရမည့် တောင်သူလယ်သမားတို့ ၀တ္တရားဖြစ်သော ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာချ စသည်တို့ကိုကား မှန်မှန်မပြုလုပ်ပေ၊ ရုက္ခစိုးနတ်မင်းကြီးက မ,လိမ့်နိုးနိုး မျှော်ကိုးကာသာ တွင်တွင်ကြီးသာ ဆုတောင်းနေတော့၏။
ထိုသို့ နေ့တိုင်းဆုတောင်းကာ စားသောက်ဖွယ်ရာများဖြင့် တင်ဆက် ပ,သသော်လည်း ထိုတောင်သူကြီး၏ လယ်ယာသီးနှံများမှာ ထူးခြားစွာ တိုး၍ထွက်မလာပေ၊ တနေ့တွင် ရုက္ခစိုးနတ်ခမျာ မနေသာတော့ပေ၊ ၀ီရိယမရှိသော တောင်သူကြီးအား - အမောင် ယောက်ျား၊ ငါ့ကိုချည်း အားကိုးနေ၍ သင်၌ ဘယ်အကျိုး ရှိအံ့နည်း၊ တောင်သူဖြစ်လျှင် တောင်သူအလျောက် လုံ့လစိုက်ထုတ်မှု ရှိရမည်၊ မြေသြဇာ ထက်သန်ကောင်းမွန်အောင် မြေသြဇာချချိန်တွင် မြေသြဇာချ၊ ကြဲချိန် စိုက်ချိန်တွင် ကြဲ,စိုက်၊ ပေါင်းမြက်သင်ချိန်တွင် သီးနှံပင်များ ရှင်သန်ထွားကျိုင်းလာအောင် ပေါင်းမြက်ကို သုတ်သင်ပါလေ၊ လုံ့လည်းကူ ဉာဏ်လည်းကူ မြေသြဇာလည်းချ ငါလည်းမ-ဟု ဆိုပြီး ပျောက်ကွယ်သွားတော့သည်။
ထိုနောက်တွင်ကား တောင်သူကြီးသည် ရုက္ခစိုးနတ်ကြီးစကားကို နာယူကာ ဆုတောင်းချည်းမနေတော့ပဲ နေ့စဉ် နံနက်စောစောထ၍ မိမိလယ်ယာသို့ရောက်အောင် သွားလေသည်၊ တောင်သူတို့အလုပ်ဖြစ်သော ရေလောင်းခြင်း၊ ပေါင်းမြက်သုတ်သင်ခြင်း၊ မြေသြဇာ လိုသည့်အပင်များအား မြေသြဇာထည့်ပေးခြင်း စသည့် အလုပ်များကို အားကြိုးမာန်တက် လုပ်ကိုင်သည်၊ မကြာမီ ထိုတောင်သူကြီး၏ လယ်ယာမြေမှ သီးနှံများမှာ ထူးခြားစွာ ဖွံ့ဖြိုးလာပြီး အထွက်တိုးပွားလာလေတော့သတည်း။
( မောင်မြင့်ထွန်း )

Tuesday, December 9, 2008
ပုံပြင် ( ၃ )
( ကိုယ်လုပ်တာ
ကိုယ်ခံ )
ရသေ့တပါးသည် ရွာတရွာ၏အနီး၌ သစ်ခက်ကျောင်းကလေး တကျောင်း ဆောက်ပြီးနေသည်၊ ရသေ့သည် ထိုသစ်ခက်ကျောင်းကလေးတွင် တရားဘာဝနာ စီးဖြန်းနေလေသည်၊ နေ့စဉ်နေ့တိုင်း နံနက်အချိန်တွင် ရွာထဲသွားပြီး ဆွမ်းဆန်နှင့်စားဖွယ်များ အလှူခံသည်၊ ရွာထဲတွင် အိမ်ပေါက်စေ့သွားပြီး ( သူတပါးအတွက် ကောင်းကျိုးဆောင်ရွက်လျှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရမည်၊ သူတပါးအတွက် ဆိုးကျိုးလုပ်လျှင် ဆင်းရဲဒုက္ခ ရောက်ရမည်၊ ကိုယ်လုပ်သည့်အတိုင်း အကျိုးခံစားရမည် ) ဟူသော သြ၀ါဒကိုလည်း ပေးလေသည်။
ထိုရွာ၌ မိန်းမကြီးတယောက်ရှိသည်၊ ထိုမိန်းမကြီးသည် ရသေ့၏သြ၀ါဒစကားကို ကြားကြားနေရသည်၊ သို့သော်လည်း ရသေ့ပြောသော တရားစကားကို အယုံအကြည်မရှိပေ၊ သူ့မျက်မှောက်တွင် များသောအားဖြင့် မကောင်းမှု ဒုစရိုက် ကျူးလွန်သူများသည် ချမ်းချမ်းသာသာနေရပြီး မကောင်းမှုရှောင်ကြဉ်နေသူများက ဆင်းဆင်းရဲရဲ နေကြရသည်၊ မိန်းမကြီးသည် ရသေ့၏သြ၀ါဒစကားကို စမ်းသပ်ကြည့်လိုသည့် စိတ်ဆန္ဒ ပေါ်လာလေသည်၊ မကောင်းတဲ့အလုပ်ကို လုပ်တဲ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်ပေါ်လာတယ် ဆိုတာ သိရအောင် ငါ စမ်းကြည့်မယ်-ဟူ၍ ဆုံးဖြတ်လိုက်လေသည်။
မိန်းမကြီးသည် မုန့်လုံးနှစ်လုံးလုပ်ပြီး ထိုမုန့်နှစ်လုံးတွင် အဆိပ်ထည့်ထားလိုက်လေသည်၊ ရသေ့သည် ထိုနေ့နံက်တွင် ထုံးစံအတိုင်း ရွာတွင်းသို့ ဆွမ်းဆန်ခံ ထွက်လာလေသည်၊ မိန်းမကြီးသည် သူ့အိမ်ရှေ့ ရသေ့ရောက်လာသောအခါ အဆိပ်ထည့်ထားသော မုန့်လုံးနှစ်လုံးကို ရသေ့၏ ဆွမ်းဆန်အိတ်ထဲတွင် ထည့်လိုက်လေသည်၊ ရသေ့က-ကောင်းမှုလုပ်လျှင် ကောင်းကျိုးရမည်၊ မကောင်းမှုလုပ်လျှင် မကောင်းကျိုးရမည်-ဟု နှုတ်ကမြွက်ပြီး ထွက်ခွါသွားလေသည်၊ ရွာထဲရှိ တခြားအိမ်များမှလည်း ဆွမ်းဆန်နှင့် တခြား စားဖွယ်များကို အလှူခံလျက် သူ၏သစ်ခက်ကျောင်းသို့ ပြန်သွားလေသည်။
ရသေ့သည် သူ၏သစ်ခက်တဲကျောင်းသို့ ရောက်သွားသောအခါ ရွာထဲကအလှူခံရသော စားဖွယ်များကို ဆွမ်းဆန်အိတ်ထဲမှ ထုတ်၍ စားမည်ပြုစဉ် သစ်ခဲတဲကျောင်းဝ၌ လူနှစ်ရောက်လာရပ်သည်ကို တွေ့မြင်ရလေသည်၊ ရသေ့သည် ထိုလူနှစ်ယောက်အား သစ်ခဲတဲကျောင်းအတွင်း ခေါ်ပြီး အထိုင်ခိုင်းလေသည်၊ ထိုလူနှစ်ယောက်မှာ ဝေးလံသောခရီးမှ ပြန်လာကြသည့် ခရီးသည်နှစ်ယောက် ဖြစ်လေသည်၊ ခရီးသည် နှစ်ယောက်သည် မောလည်း မောပန်းနေကြသည်၊ ဆာလည်း ဆာနေကြသည်၊ ရသေ့သည် သူအလှူခံ၍ ရလာသော စားဖွယ်ထဲက တချို့ကို ခရီးသည်နှစ်ဦးအား အလှူဒါနပြုလိုသည်ဖြစ်၍ မုန့်လုံးနှစ်လုံးကို ခရီးသည်နှစ်ဦးအား ချကျွေးလိုက်လေသည်။
ခရီးသည်နှစ်ဦးသည် ဆာဆာနှင့် ရသေ့ကျွေးသော မုန့လုံးကို စားကြရာ စားပြီးလျှင်ပြီးချင်း အဆိပ်သင့်ပြီး ထိုင်နေရာမှ ဗုန်းခနဲ လဲကျသွားကြလေသည်၊ ရသေ့သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်၊ မုန့်လုံးထဲမှာ လူကိုသေစေတတ်သော အဆိပ်ပါမည်ဟူ၍ ရသေ့က တွက်မိလေသည်၊ သို့ရာတွင် သူ၏အပြစ် လုံးဝမဟုတ်ပေ၊ မုန့်လုံးထဲမှာ အဆိပ်ပါသည်ဟူ၍ သူလုံးဝမသိပေ၊ ဆာလောင်မွတ်သိပ်လာသူအား စေတနာနှင့် အလှူဒါနပြုလိုက်ခြင်းသာ ဖြစ်သည်။
ရသေ့သည် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွားပြီးလျှင် ရွာထဲပြေးသွားပြီး ဆေးဆရာကိုခေါ်လေသည်၊ သို့ရာတွင် အဆိပ်သင့်သော ခရီးသည်နှစ်ဦးမှာ ဆေးကု၍မရတော့ပဲ သေဆုံးသွားကြလေသည်၊ ရွာထဲတွင်လည်း ရသေ့၏သစ်ခက်တဲကျောင်းတွင် လူနှစ်ယောက် အဆိပ်ပါသည့်မုန့်ကိုစားပြီး သေဆုံးသွားသည်ဟူသော သတင်း ပျံ့နှံ့သွာေးလသည်၊ ရွာသူရွာသားများသည် ရသေ့၏သစ်ခက်တဲကျောင်းသို့ လာရောက်ကြည့်ရှုကြလေသည်၊ ရသေ့အား အဆိပ်ထည့်ထားသောမုန့်လုံး ပေးလှူလိုက်သည့် မိန်းမကြီးလည်း ထိုသတင်းကိုကြားသိရသည်ဖြစ်၍ ရသေ့၏သစ်ခက်တဲကျောင်းသို့ လာကြည့်လေသည်။
သစ်ခက်တဲကျောင်း၌ သေဆုံးသောလူနှစ်ယောက်ကို တွေ့ရသောအခါ မိန်းမကြီးသည် မိုက်ခနဲဖြစ်သွားပြီး လဲကျသွားလေသည်၊ သတိရလာသောအခါ အော်ဟစ်ငိုကြွေးလေသည်၊ သေဆုံးသူ လူနှစ်ယောက်အနက် တယောက်မှာ သူ၏ လင်ယောက်ျားဖြစ်ပြီး ကျန်တယောက်မှာ သူ၏သားဖြစ်နေသည်၊ သားအဖနှစ်ယောက်မှာ အလုပ်ကိစ္စနှင့် တရပ်တကျေးထွက်သွားသည်မှာ တနှစ်လောက်ရှိသွားပြီး ယခု ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာကြခြင်းဖြစ်သည်၊ သားအဖနှစ်ယောက်သည် သူတို့၏မယား သူတို့၏အမေလုပ်သော မုန့်လုံးကိုစားပြီး သေဆုံးသွားကြလေသည်၊ ဖခင်နှင့်သားသည် မယားဖြစ်သူနှင့် မိခင်ဖြစ်သူ၏ အစမ်းသပ်ခံ သားကောင်ဖြစ်သွားကြလေသည်။
မိန်းမကြီးသည် ရင်ဘတ်စည်တီးဖြစ်ပြီး နောင်တကြီးစွာရလေသည်၊ မကောင်းမှုကိုလုပ်လျှင် မကောင်းကျိုးရမည်-ကောင်းမှုလုပ်လျှင် ကျောင်းကျိုးရမည်-ဟူသော ရသေ့၏သြ၀ါဒကို မယုံကြည်၍ လက်တွေ့စမ်းသပ်ကြည့်သော မိန်းမကြီးသည် ထိုတရားသဘော၏ အမှန်တရားကို လက်တွေ့ တွေ့မြင်သွားလေပြီ၊ မိမိလုပ်သည့် အလုပ်၏ အကျိုး မိမိခံသွားရလေပြီ။
( ပါရဂူ )
**************

အိုင်းစတိုင်း (Albert Einstein)
ကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့က
ဖွားမြင်ခဲ့ပါသည်။ သူ၏ မိဘများသည် ရေ၀တီ (ဂျူးလူမျိုး) နွယ်ဖွားများဖြစ်ပြီး
လျှပ်စစ်ပစ္စည်း အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်ကြပါသည်။ အိုင်းစတိုင်း၏ ဖခင်
Hermann Einstein သည် အောင်မြင်သော စီးပွားရေးသမားတစ်ယောက် မဟုတ်ခဲ့သော်ငြားလည်း
ဂျာမန် ဂန္တ၀င်မြောက် စာပေများ၊ ဒဿနကျမ်းများနှင့် ကဗျာစာပေများကို
မြတ်မြတ်နိုးနိုး နှစ်သက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အိမ်တွင် ခံ့ညားသည့်
စာကြည့်ခန်းတစ်ခုကို ထားရှိပြီး အိမ်ကိုအလည်လာသော ဧည့်သည်များနှင့်လည်း
စာပေအကြောင်း၊ ဒဿနအကြောင်း ပြောဆိုဆွေးနွေးတတ်သူ ဖြစ်သည်။ အိုင်းစတိုင်း၏ မိခင်
Pauline Koch သည် ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ ဖြစ်သည်။
အိုင်းစတိုင်းတွင် မွေးချင်းညီမတစ်ဦးရှိပြီး Maja ဟု ခေါ်သည်။
ငယ်ဘဝ
အိုင်းစတိုင်းသည် ငယ်စဉ် ကလေးဘ၀မှာ
အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်း နည်းလှသည်။ အခြားကလေးများလို ဆော့ကစားခြင်း
မရှိဘဲ တစ်ယောက်တည်း တွေးနေ ငေးနေတတ်သည်။ မူလတန်း စတတ်သည့်အခါတွင်လည်း
ဥာဏ်ထိုင်းသည်ဟု ဆရာများက မှတ်ချက်ပေးခြင်းခံရသည်။ ဒါပေမယ့် သူသည် အသက်
ခြောက်နှစ်သားအရွယ်မှာ တယောထိုးခြင်းကို စတင်သင်ကြားနေပြီဖြစ်ပြီး ဂီတကိုလည်း
မြတ်နိုးတန်ဖိုးထားတတ်နေပြီဖြစ်သည်။ အသက်(၁၀)နှစ်အရွယ်တွင် ကျောင်းမနေချင်တော့ဘူးဟု
မိဘများကို ပြောခဲ့ဖူးပါသည်။
သူသည် သင်္ချာဘာသာရပ်တွင်
အလွန်ညံ့ဖျင်းသည်။ ထို့အပြင် ခေါမနှင့် လက်တင်ဘာသာရပ်ဆိုင်ရာ
သဒ္ဒါသင်ကြားရာမှာလည်း စိတ်ပါဝင်စားမှုမရှိခဲ့ချေ။ သူ့ကို ဦးလေးဖြစ်သူ Jakob က
အက္ခရာသင်္ချာနှင့် ဂျီသြမေတြီ သဘောတရားများကို နားလည်အောင်
ရှင်းလင်းပြသပေးခဲ့သည့်အတွက် အိုင်းစတိုင်းသည် သင်္ချာပညာတွင်
ဆရာများအံ့သြလောက်အောင် ထူးချွန်လာခဲ့ပြီး ပညာဆက်သင်နိုင်ခဲ့လေသည်။
ပထမကမ္ဘာစစ် စတင်ရန်
နီးကပ်လာသည့်အချိန်တွင် ဂျာမန်လူမျိုးကြီးဝါဒ ကြီးထွားလာနေပြီး ပညာရေးစနစ်ကလည်း
တင်းကျပ်ပြင်းထန်လွန်းနေလေသည်။ အိုင်းစတိုင်း၏ မိဘများလည်း စီးပွားရေး
အဆင်မပြေသည့်အတွက် ဂျာမနီမှာ ဆက်နေရန် ခက်ခဲလာသည့်အတွက် မြူးနစ်မြို့က
မိတ်ဆွေတစ်ဦးဆီမှာ အိုင်းစတိုင်းကို အပ်ထားခဲ့ပြီး သူတို့က အီတလီနိုင်ငံ
မီလန်မြို့ကို ပြောင်းရွှေ့သွားကြသည်။ သို့သော် အိုင်းစတိုင်းသည် အထက်တန်းပညာ
မပြီးဆုံးခင် (၁၅)နှစ်သားအရွယ်မှာ ကျောင်းထုတ်ခံခဲ့ရပြီး ဂျာမနီနိုင်ငံကနေ
ထွက်ခွာပြီး မိဘများရှိရာ မီလန်ကို လိုက်သွားခဲ့လေသည်။
အိုင်းစတိုင်း၏ မိဘများသည်
စီးပွားရေး အခြေအနေမကောင်းလှသော်လည်း သားဖြစ်သူကို ပညာတတ်ကြီး
ဖြစ်စေချင်သည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က သိပ္ပံကျောင်းတိုက်တွင်
ပညာဆက်သင်နိုင်အောင် ပို့ပေးခဲ့လေသည်။ ဇူးရစ်သိပ္ပံကျောင်းကို ၀င်ခွင့်ရရန်
စာမေးပွဲဖြေဆိုရာမှာ အိုင်းစတိုင်းသည် သင်္ချာဘာသာတွင် အမှတ်ကောင်းသော်လည်း
နိုင်ငံခြားဘာသာ(ခေါမ၊ လက်တင်)၊ ရုက္ခဗေဒနှင့် သတ္တဗေဒ ဘာသာရပ်များမှာ ကျရှုံးခဲ့လေသည်။
သို့သော် ကျောင်းအာဏာပိုင်များက သင်္ချာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသည့်
အိုင်းစတိုင်းကို အထက်တန်းကျောင်း တစ်ကျောင်းမှာ ပြန်လည်ပြင်ဆင်ဖို့
အကြံပေးခဲ့ကြသည်။ အိုင်းစတိုင်းသည် Aarau ဆိုသည့် မြို့ငယ်လေးက အထက်တန်းကျောင်း
တစ်ကျောင်းတွင် တစ်နှစ် ပြင်ဆင်ခဲ့လေသည်။
သူသည် ၁၈၉၆ ခုနှစ် အောက်တိုဘာလမှ
၁၉၀၀ ပြည့်နှစ် သြဂုတ်လအထိ ဇူးရစ်သိပ္ပံကျောင်းတွင် ပညာသင်ကြားနေချိန်အတွင်း
သြစတြီးယား ဟန်ဂေရီနိုင်ငံက ဆာဘီးယား မျိုးနွယ်စုဝင် မိန်းကလေး Mileva Maritsch
နဲ့ ချစ်ကြိုးသွယ်ခဲ့လေသည်။
ကျောင်းပြီးသွားသည့်အချိန်တွင်
သူငယ်ချင်းဖြစ်သူ Grossmann ၏ အကူအညီဖြင့် ဘန်းမြို့မှ စက်မှုလုပ်ငန်းဆိုင်ရာ
မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပေးသည့် ရုံးတစ်ရုံးတွင် ၁၉၀၂ ဇူလိုင်လမှ စတင်
အလုပ်ဝင်ခဲ့လေသည်။ ၁၉၀၃ ခုနှစ် ဇန်န၀ါရီလ (၆)ရက်နေ့တွင် အိုင်းစတိုင်းနှင့်
မီလီဗာတို့ လက်ထပ်ခဲ့လေသည်။
အိုင်းစတိုင်းသည်
တတ်ထားသည့်ပညာရပ်များနှင့် လားလားမှမဆိုင်သော အလုပ်ကို လုပ်နေရသော်ငြား
စိတ်ပျက်ခြင်းမရှိဘဲ အားလပ်ချိန်များတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း
စာရွက်လွတ်တစ်ရွက်ပေါ်မှာ ခဲတံတိုတစ်ချောင်းဖြင့် တွက်ချက်နေတတ်လေသည်။ သူသည်
ဓာတ်ခွဲခန်းမရှိဘဲ ရှေ့ ခေတ်အဆက်ဆက်က ပညာရှင်ကြီးတွေရဲ့ စာအုပ်စာတမ်းများကို
ဖတ်ရှုစဉ်းစားပြီး တွက်ချက်လိုက်၊ အကြံထုတ်လိုက်၊ ညောင်းညာလာသည့်အခါ
တယောထိုးလိုက်နှင့် နေခဲ့လေသည်။ ၁၉၀၅ ခုနှစ်တွင် သူ၏ ရီလေတီဗတီ သီအိုရီ
(Relativity Theory)ကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့လေသည်။ ထို့နောက်မှာတော့
ဇူးရစ်သိပ္ပံကျောင်းတိုက်က အိုင်းစတိုင်းကို အထူးပါမောက္ခရာထူးပေးပြီး
အလုပ်ခန့်ခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမနီဖွား ရေ၀တီအနွယ်ဝင် တစ်ဦး
ဖြစ်သည့်အတွက် မခန့်ချင်ခန့်ချင် ခန့်ခဲ့ကြခြင်း ဖြစ်သည်။
သူ၏ ကျော်ကြားလှသည့် သီအိုရီကို
ကမ္ဘာသိအောင် မထုတ်ပြန်ခင် တစ်နှစ်အလို ၁၉၀၄ ခုနှစ်က မီလီဗာက သူတို့ရဲ့ သားဦး
Hans Albert ကို မွေးဖွားပေးခဲ့ပါသည်။ အိုင်းစတိုင်းသည် သူ၏ သီအိုရီကို
ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့်နောက်တွင် သဘောတရားပိုင်းကနေ သင်္ချာ ရူပဗေဒ
ဖြစ်လာအောင် ကိန်းဂဏန်းတွေ၊ ညီမျှခြင်းတွေနဲ့ ပြည့်စုံလာသည်အထိ ခြောက်နှစ်ကြာ
ကြိုးစားခဲ့လေသည်။ ၁၉၁၁ ခုနှစ်ရောက်သောအခါ သူ၏ အထူးရီလေတီဗတီ သီအိုရီသည်
သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းများနှင့် ပြည့်စုံသွားလေတော့သည်။
၁၉၁၀ ခုနှစ် ဇွန်လ တွင် မီလီဗာက
ဒုတိယသား Edward ကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် သူတို့မိသားစုမှာ
ကျပ်ကျပ်တည်းတည်း ရုန်းကန်နေခဲ့ကြရသည်။ ၁၉၁၀ နှစ်ကုန်ခါနီးတွင် သြစတြီးယား
ဟန်ဂေရီ အင်ပါယာ၏ ဘုရင်က အိုင်းစတိုင်းကို ပရပ်တက္ကသိုလ် (University of Prague)
တွင် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာသည် ဇူးရစ်ထက် အစစအရာရာ
သာသည့် အခြေအနေရှိသောကြောင့် အိုင်းစတိုင်းက သွားချင်သော်လည်း လူမျိုးကြီး
စစ်ဝါဒကို မုန်းတီးသော မီလီဗာက အပြင်းအထန် ကန့်ကွက်ခဲ့လေသည်။ သို့သော်
အိုင်းစတိုင်းကတော့ ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့လေသည်။
ထိုနေရာတွင် အဖိနှိပ်ခံဘ၀ကို နာကျည်းနေသော ချက်လူမျိုးများနှင့်
ရေ၀တီလူမျိုးများ အများအပြား ရှိလေသည်။ ပရပ်တက္ကသိုလ်မှာ အိုင်းစတိုင်း ရှိနေစဉ်က
စာရေးဆရာ ကပ်ဖ်ကာ (Franz Kafka) နှင့် ရေ၀တီခေတ်ပညာတတ်များ ဦးဆောင်ပြီး
ဇီယွန်လှုပ်ရှားမှုများ လုပ်နေချိန် ဖြစ်လေသည်။
ထို့နောက် အိုင်းစတိုင်းသည်
လူမျိုးရေး ကျဉ်းမြောင်းမှုများကို စိတ်ပျက်သည့်အတွက် ၁၉၁၃ ခုနှစ်တွင်
ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူ့အား ဇူးရစ်သိပ္ပံကျောင်းတိုက်က ရူပဗေဒဌာန
အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သလို ဂျာမန်ဘုရင်ကလည်း ဘာလင်တက္ကသိုလ်
ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမန်ဘုရင်၏
ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ၁၉၁၃ ခုနှစ်မှာပင် ဂျာမနီကို ပြန်သွားခဲ့လေသည်။
ထိုအချိန်မှစပြီး သူနှင့် မီလီဗာတို့လည်း လမ်းခွဲခဲ့ကြလေသည်။
ဂျာမနီတွင်
အိုင်းစတိုင်းတစ်ယောက်တည်း ဖြစ်နေချိန်တွင် ညီမ၀မ်းကွဲတော်စပ်သူ Elsa က လာရောက်
စောင့်ရှောက်ပေးခဲ့သည်။ အယ်လ်ဆာသည် သမီးနှစ်ယောက်အမေ မုဆိုးမတစ်ဦးဖြစ်သော်ငြား
ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမသည် အိုင်းစတိုင်းကို
လိုလေသေးမရှိအောင် ပြုစုလေသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စဖြစ်နေသော်လည်း
အိုင်းစတိုင်းကတော့ သူ၏ ရီလေတီဗတီ သီအိုရီကိုပဲ ဆက်လက်
တိုးချဲ့ဆန့်ထုတ်နေခဲ့သည်။ ၁၉၁၆ ခုနှစ် စစ်ဖြစ်နေဆဲ အချိန်တွင်ပင်
အိုင်းစတိုင်းသည် သူ၏ ယေဘုယျ ရီလေတီဗတီ သီအိုရီ (General Theory of Relativity)
ကို ပုံနှိပ်ထုတ်ဝေလိုက်လေသည်။
၁၉၁၉ ခုနှစ်တွင် အိုင်းစတိုင်းသည်
မီလီဗာနှင့် တရားဝင် ကွာရှင်းပြီး အယ်လ်ဆာနှင့် လက်ထပ်လိုက်သည်။ ထို့နောက် ၁၉၂၃
ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရလေသည်။ ထိုဆုသည် သူ၏
ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး
(ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်သည်။ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ
အာဏာရလာသည့်အခါတွင် လူမျိုးကြီးဝါဒများ ပြန်လည်ခေါင်းထောင်လာသည့်အတွက်
အိုင်းစတိုင်းသည် အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားခဲ့လေသည်။
သူသည် အမေရိကန်
ပရင့်စတန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရင်း ဒုတိယကမ္ဘာစစ်ကြီး အစပျိုးနေချိန်
၁၉၃၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီ ရုစဗဲ့ဆီသို့
အဏုမြူဗုံးနှင့် ပတ်သက်၍ သတိပေးစာ ရေးသားခဲ့သည်။ သူ၏ စာကြောင့် သမ္မတ ရုစဗဲ့သည်
မန်ဟက်တန် စီမံကိန်းကို ရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းအဏုမြူဗုံး(သို့)အက်တမ်ဗုံးကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော် ညီမျှခြင်းဖြစ်သည့်
E=mc2 ဆိုသည့် ဒြပ်ထုစွမ်းအင် တူညီခြင်း နိယာမတရားပင်ဖြစ်သည်။
ခေါင်းထဲများများစားစား မရှိတဲ့သူဟာ
အ၀တ်အစားကောင်းကောင်းဝတ်ပြီး ပြန်ထရတယ်။
အထက်ပါစကားစုကို ပြောကြားခဲ့သူမှာ
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်း (Albert Einstein) ပင် ဖြစ်ပါသည်။
အိုင်စတိုင်း၏ စကားကို ပြောင်းပြန် ပြန်၍ စဉ်းစာကြည့်မည်ဆိုပါက ခေါင်းထဲ
များများစားစားရှိသူ (ပညာရှိသူ) သည် အ၀တ်အစားကောင်းကောင်းကို ဂရုမစိုက်ဟု
ဆိုလိုရာရောက်ပါသည်။
မှန်ပါသည်။ ၂၀-ရာစုခေတ်၏ဉာဏ်ပညာအကြီးဆုံးသူဟု သတ်မှတ်ခံထားရသူ အိုင်စတိုင်းသည် သူ့စကားအတိုင်း အ၀တ်အစား ဂုဏ်ပကာသနကို မမက်မောဘဲ ဘ၀ကို ရိုးရှင်းစွာ နေထိုင်သွားခဲ့သူပင် ဖြစ်ပါသည်။ သူ့ကိုကြည့်လျှင် အမြဲတမ်း ဆံပင်စုတ်ဖွားနှင့် တွေ့ရပါမည်။ နှုတ်ခမ်းမွှေးတို့ကို ရိတ်သင်ခြင်း မရှိသောကြောင့် ညှင်းသိုးသိုးအသွင်ကို တွေ့မြင်ရပါသည်။ ခန္ဓာကိုမှာလည်း ပုပုသေးသေး ဖြစ်ရကား အထင်ကြီးစရာ တစက်မှ မရှိပါချေ။
တခါသော် ဘယ်လ်ဂျီယံ ဘုရင်မကြီးသည်
အိုင်စတိုင်းအား အထူးဧည့်သည်တော်အဖြစ် သူ့တိုင်းပြည်သို့ လာရောက်လည်ပတ်ရန်
ဖိတ်ကြားခဲ့ပါသည်။ ဖိတ်ကြားထားသောနေ့တွင် ဇိမ်ခံကားကြီးနှင့် အတူ ကြိုဆိုရေး
အဖွဲ့ကို ဘူတာရုံသို့ စေလွှတ်လိုက်ပါသည်။ ရထားဆိုက်ရောက်သောအခါ
ကြိုဆိုရေးအဖွဲ့ဝင်များသည် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးအား သဲကြီးမဲကြီး
ရှာဖွေကြပါသည်။ သူတို့သည် အိုင်စတိုင်းကို မတွေ့ကြပါ။ ထိုအချိန်တွင်
အိုင်စတိုင်းသည် အ၀တ်အစား ခပ်နွမ်းနွမ်းကိုဝတ်ကာ သူ၏လက်ဆွဲသေတ္တာနှင့်
တယောအိတ်လေးကို ဆွဲရင်း လမ်းလျှောက်သွားနေပါသည်။ နန်းတော်ကို လမ်းလျှောက်လာသော
အိုင်းစတိုင်းကို ဘုရင်မကြီးက-ဘာကြောင့် ကားဖြင့်မလာဘဲ
လမ်းလျှောက်လာရပါသနည်း-ဟုမေးမြန်းသောအခါ အိုင်စတိုင်းက လမ်းလျှောက်တာပဲ
ကောင်းပါတယ် ဘုရင်မကြီး-ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
အိုင်စတိုင်းသည် သူ့ဘ၀တလျှောက်တွင်
လန်ချား ဘယ်အခါမျှ မစီးခဲ့ချေ။ လူကို လူက စီးရသောလန်ချားကို မစီးလိုဟု အမြဲ
ငြင်းပယ်ခဲ့လေသည်။ ဤသို့ အနေအထိုင် ရိုးသား၍ အတွေးအခေါ် ခေတ်မီသော
အိုင်စတိုင်း၏ဘ၀မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
အိုင်စတိုင်းအား ၁၈၇၉-ခု မတ်လ
၁၄-ရက်နေ့တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ၈၇-မိုင် ကွာဝေးသော အမ်း (Uim)
မြို့တွင် မွေးဖွားခဲ့ပါသည်။ သူ့ဖခင် ဟာမင်အိုင်စတိုင်းသည်
လျှပ်စစ်ပစ္စည်းများကို ရောင်းချသောအလုပ်ဖြင့် အသက်မွေးပါသည်။ မိခင်မှာ
ပေါ်လင်းအိုင်စတိုင်း ဖြစ်ပြီး မိဘနှစ်ပါးလုံးမှာ ဂျူးလူမျိုးများ ဖြစ်ကြပါသည်။
အိုင်စတိုင်းလေးသည် အသက် ၃-နှစ်သား ရောက်သည်အထိ စကားမပြောတတ်သေးချေ။ ထို့ကြောင့်
မိဘတို့မှာ ဆွံ့အနားမကြား ဖြစ်မည်ကိုပင် စိုးရိမ်ခဲ့ရလေသည်။
ကျောင်းနေအရွယ် ရောက်ပြန်သောအခါ
အိုင်စတိုင်းသည် အလွန်စာညံ့လေသည်။ ကျောင်းတွင်အညံ့ဆုံး ကျောင်းသားတယောက်အဖြစ်
သတ်မှတ်ခြင်းခံခဲ့ရပါသည်။ အိုင်စတိုင်း၏ ပထမဆုံးသော သိပ္ပံအတွေ့အကြုံမှာ အသက်
၅-နှစ်အရွယ်တွင် စတင်ခဲ့ပါသည်။ သူ့ဖခင်သည် ၅-နှစ်သားအရွယ် အိုင်စတိုင်းလေးကို
သံလိုက်အိမ်မြှောင်တခု ၀ယ်ပေးခဲ့ပါသည်။ အိုင်စတိုင်းသည် ယင်းပစ္စည်းအကြောင်းကို
မေးလိုက်သည်မှာ မဆုံးတော့ချေ။ သံလိုက်ဓာတ်အကြောင်းနှင့် ကမ္ဘာ့ဆွဲအားအကြောင်းကို
အိုင်စတိုင်း အလွန်စိတ်ဝင်စား သွားပါသည်။ ထိုအချိန်မှစ၍ သိပ္ပံကျမ်းများ
လေ့လာဖတ်ရှုပါတော့သည်။
အသက် ၁၀-နှစ်တွင် အိုင်စတိုင်းသည်
မြူးနစ်မြို့ရှိ တက္ကသိုလ်ဝင်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြား ခဲ့ပါသည်။
ထိုကျောင်းတွင် အိုင်စတိုင်းသည် လက်တင်ဘာသာ၊ ဂရိဘာသာနှင့် သမိုင်းဘာသာတို့တွင်
အမှတ်နည်းသလောက် သင်္ချာဘာသာတွင်မူ ထူးချွန်ခဲ့လေသည်။ အသက် ၁၆-နှစ်တွင်
အိုင်စတိုင်းသည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ စက်မှုလက်မှုတက္ကသိုလ်တွင်
ဝင်ခွင့်ဖြေဆိုခဲ့ပါသည်။ ၀င်ခွင့်စာမေးပွဲ ကျရှုံးသဖြင့် အခြားတက္ကသိုလ်တခုသို့
ပြောင်းရွှေ့ဖြေဆိုမှသာ အောင်မြင်ခဲ့ပါသည်။ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်
အိုင်စတိုင်းသည် ရုံးတရုံတွင် စာရေးအလုပ် ၀င်ရောက်လုပ်ကိုင်ရင်း ၀မ်းရေးကို
ဖြေရှင်းခဲ့ရပါသည်။ ရုံးအလုပ်ပြီးသော အချိန်တွင်မူ သူဝါသနာပါသော ရူပဗေဒပညာကို
လေ့လာလိုက်စားခဲ့ပါသည်။ ထို့ကြောင့် အသက် ၂၆-နှစ်တွင် အိုင်စတိုင်းသည်
အလွန်ထင်ရှားသော စာတမ်းကြီး ၅-စောင်ကို တင်သွင်းနိုင်ခဲ့ပါသည်။
ပထမစာတမ်းမှာ မော်လီကျူးတို့၏
အရွယ်အစားတိုင်းတာခြင်း သဘောတရားစာတမ်းဖြစ်ပြီး ထိုစာတမ်းကြောင့်
အိုင်စတိုင်းသည် ဒေါက်တာဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ ဒုတိယစာတမ်းမှာ
အလင်းလျှပ်စစ် သဘောတရား (Photoelectric effect)အကြောင်းဖြစ်ပြီး
ထိုစာတမ်းကြောင့်ပင် အိုင်စတိုင်းသည် ၁၉၂၁-ခုအတွက် ရူပဗေဒ နိုဘယ်ဆုကို
ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ တတိယစာတမ်းမှာ ဘရောင်းရွေ့လျားမှု သီအိုရီ (Theory
of Brownian motion) ဖြစ်ပြီး မော်လီကျူးတို့၏ အလေးချိန်ကို လက်တွေ့တိုင်းတာပြခဲ့ပါသည်။
၁၉၀၅-ခုတွင် အိုင်စတိုင်းသည်
စတုတ္ထစာတမ်းအဖြစ် နှိုင်းရသီအိုရီ (Relativity Theory) ကို တင်ပြခဲ့ပါသည်။
ထိုသီအိုရီသည် သိပ္ပံလောကတခုလုံးကို ကိုင်လှုပ်နိုင်လောက်အောင် ကျော်ကြားပြီး
လေးစားစေသော သီအိုရီပင် ဖြစ်ပါသည်။ သူ၏ သီအိုရီအရ အရာဝတ္ထုတခုကို တိုင်းတာရာ၌
အလျား၊ အနံ၊ အမြင့်တို့ကိုသာမက အချိန်ကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း၊
သို့သော် ၄င်းအရာများ အားလုံးမှာ အနှိုင်းသဘောသာဖြစ်ပြီး အမှန်တကယ်
တည်ရှိနေခြင်းမဟုတ်ကြောင်း ရှင်းပြခဲ့ပါသည်။
တဖန် ၁၉၁၅-ခုတွင် အိုင်စတိုင်းသည်
အထူးနှိုင်းရ သီအိုရီ (Special Relativity Theory) ကို ထပ်မံတင်ပြ
လိုက်ပြန်ပါသည်။ ထိုသီအိုရီအရ ဒြပ်နှင့်စွမ်းအင်သည် အတူတူပင်ဖြစ်ပြီး
ဒြပ်တို့ကို ဖြိုခွဲပါက ကြီးမားသော စွမ်းအင်ရနိုင်ကြောင်းကို E=me 2
ညီမျှခြင်းဖြင့် ရှင်းပြနိုင်ခဲ့ပါသည်။ ထိုသီအိုရီသည် အဏုမြူဗုံး ထုတ်လုပ်ရေး
အတွက် အခြေခံအချက်အလက်များကို မွေးဖွားပေးလိုက်သော သီအိုရီပင် ဖြစ်ပါသည်။
ထို့ပြင် အိုင်စတိုင်းသည်
ကမ္ဘာ့ဆွဲအားအတွင်း ၀င်ရောက်လာသော အလင်းသည် ကမ္ဘာ့ဆွဲအားကြောင့်
ကောက်ကွေးသွားရမည်ဟု တင်ပြခဲ့သည်။ သူ့အယူအဆကိုလည်း ကိန်းဂဏန်းအတိအကျဖြင့်
တွက်ပြခဲ့ပါသည်။ ၁၉၁၄-ခုတွင် ရုရှနိုင်ငံ၌ နေကြတ်သောအခါ ဂျာမနီမှ
သိပ္ပံပညာရှင်များသည် ရုရှသို့သွားရောက်ပြီး အိုင်စတိုင်း ဟောကိန်း မှန်မမှန်
စမ်းသပ်ရန် ကြိုးစားခဲ့ကြပါသည်။ သို့သော် ပထမကမ္ဘာစစ်ဖြစ်လာ၍ ထိုအကြံ
မအောင်မြင်ခဲ့ပါ။ စစ်ကြီးအပြီး ၁၉၁၉-တွင် အင်္ဂလိပ်ရူပဗေဒ ပညာရှင်များသည်
နေကြတ်သော အနောက်အာဖရိကသို့ သွားရောက်ပြီး လက်တွေ့စူးစမ်းခဲ့ကြပါသည်။ ထိုအခါ
သူတို့သည် အိုင်စတိုင်း ခန့်မှန်းသည့်အတိုင်း အလင်းရောင် တကယ်ကွေ့သွားသည်ကို
တွေ့မြင်ခဲ့ကြပါသည်။ ထိုအလင်းကွေ့နှုန်းမှာလည်း အိုင်စတိုင်း
ကြိုတင်တွက်ပြထားသည့်နှုန်းပင်ဖြစ်ကြောင်း တအံ့တသြ တွေ့ရှိခဲ့ကြပါသည်။
ထိုအချိန်တွင် အိုင်စတိုင်း၏
အမည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။ ၁၉၁၀-တွင် အိုင်စတိုင်းသည်
ဂျာမန်တက္ကသိုလ် တခုတွင် ပါမောက္ခရာထူးကို ခန့်အပ်ခြင်း ခံရပါသည်။ ၁၉၁၂-တွင်
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ အကယ်ဒမီကျောင်းတွင် အချိန်ပြည့်
ပါမောက္ခရာထူးကိုလည်းကောင်း၊ ၁၉၁၄-တွင် ပရပ်ရှင်း သိပ္ပံအကယ်ဒမီတွင်
ပါမောက္ခအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ပထမကမ္ဘာစစ်ပြီးနောက်
သိပ်မကြာခင်မှာပင် ဂျာမနီ၌ ဟစ်တလာ အာဏာရလာလေသည်။ ဟစ်တလာ၏ ၀ါဒမှာ
ဂျူးမုန်းတီးရေးဖြစ်ရကား ဂျူးလူမျိုးဖြစ်သော အိုင်စတိုင်းသည် အမေရိကန်သို့
ပြောင်းရွှေ့နေထိုင်ခဲ့ ပါသည်။ ဒုတိယကမ္ဘာစစ် ဖြစ်လာသောအခါ ကမ္ဘာ့လူသားအများစုသည်
ဟစ်တလာ၏လက်ထဲ အဏုမြုဗုံး ထုတ်လုပ်သည့် နည်းပညာများ ရောက်သွားမည်ကို
စိုးရိမ်လာကြသည်။ ထို့ကြောင့် အိုင်စတိုင်းသည် အမေရိကန်သမ္မတ ရုစဗဲ့ ထံသို့
ဂျာမန်တို့ထက်အရင် အဏုမြူဗုံး ပြုလုပ်သင့်ကြောင်း စာရေးသားတိုက်တွန်း ခဲ့ရပါသည်။
အိုင်စတိုင်း၏ စာကြောင့်ပင် မန်ဟက်တန် စီမံကိန်း ပေါ်ပေါက်လာပြီး အမေရိကန်တို့
အဏုမြူဗုံး ထုတ်လုပ်ကာ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်နိုင်ခဲ့ပါသည်။
စစ်ကြီးပြီးသောအခါ အိုင်စတိုင်းသည်
သိပ္ပံပညာရှင်တယောက်၏ ဘ၀ထက် ငြိမ်းချမ်းရေးသမားတယောက် အဖြစ်
ပိုမိုထင်ရှားလာပါသည်။ လက်နက်ဖျက်သိမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး
လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ပါသည်။ ဂျူးလူမျိုးတို့ စုဝေးနေထိုင်သော
အစ္စရေးနိုင်ငံ ပေါ်ပေါက်လာသောအခါ အိုင်စတိုင်းအား သမ္မတလုပ်ရန် တိုက်တွန်းကြပါသည်။
သို့သော် ရိုးရိုးအေးအေးသာ နေတတ်သော အိုင်စတိုင်းသည် သမ္မတရာထူးကို
ငြင်းပယ်ခဲ့ပါသည်။(အကျယ်တ၀င့် လေ့လာလိုပါက ဆန်းလွင်ရေးသားသော အိုင်စတိုင်း
အတ္ထုပ္ပတ္တိကို ရှာဖွေ ဖတ်ရှုစေလိုပါသည်။)[1]
သူသည် စစ်ကြီးပြီးသည့်နောက်တွင်
အဏုမြူစွမ်းအင်ကို ကောင်းသည့်ဘက်တွင် အသုံးချရန် တိုက်တွန်းခဲ့လေသည်။ ထို့နောက်
သူ၏ ပေါင်းစပ်စက်ကွင်း သီအိုရီကို တင်ပြခဲ့သည်။ ထိုသီအိုရီသည် ရှင်းလင်းလွယ်ကူမှု
မရှိသည့်အတွက် လူအများ နားမလည်ခဲ့ချေ။ ထို သီအိုရီကို ပို၍ ရှင်းလင်းလွယ်ကူအောင်
ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်တွင်
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် အသက် ၇၆-နှစ်အရွယ်တွင်
သွေးကြောပေါက်ကွဲသော ရောဂါဖြင့် ပရင်စတန် ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပါသည်။
သူ့အလောင်းကို သင်္ဂြိုဟ်သောအခါ ဆေးပညာရှင်တို့က သူ့ဦးနှောက်အား
အဘယ်အကြောင်းကြောင့် ဤမျှ ဉာဏ်ကောင်း ရသည်ကို သုတေသနပြုရန် အလှူခံထားခဲ့ကြပါသည်။
|
You do not have permission to add
comme
Subscribe to:
Posts (Atom)